သတင်းတို

သင်္ကြန်ပိတ်ရက် ပေါက်ကြားမှု စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေ

ယခုနှစ် သင်္ကြန်ပိတ်ရက် လျှော့ချရေး ဝန်ကြီးဌာနများသို့ ညှိနှိုင်း အကြောင်းကြားခဲ့သည့်စာ ပေါက်ကြားခဲ့မှုကို စုံစမ်းဖော်ထုတ်ရန် လူ ၃ ဦး ပါဝင်သည့် အဖွဲ့တခုကို အစိုးရက တာဝန်ပေးအပ်ထားကြောင်း သတင်းရရှိသည်။

ယင်းစုံုစမ်းရေးအဖွဲ့ ခေါင်းဆောင် ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ၎င်းနှင့်အတူ အစိုးရ တာဝန်ရှိသူ တချို့ ပါဝင် ကြောင်း၊ ယင်းပေါက်ကြားမှုကို စုံစမ်းနေဆဲဖြစ်ပြီး သတင်းထုတ်ပြန်ရန်လည်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီကိစ္စ စုံစမ်းပေးဖို့ တာဝန်ပေးလာလို့ လုပ်ရတာ။ လက်ရှိအချိန်ထိတော့ ဒီပေါက်ကြားမှုကို စုံစမ်းဆဲပဲ။ ဘယ်သူတွေကို ခေါ်စစ်လဲ ဆိုတာ ပြောလို့မရဘူး။ သတင်းထုတ်ပြန်မှာလည်း မဟုတ်ပါဘူး”ဟု ဦးကိုကိုနိုင်က ပြောသည်။

ယင်းသင်္ကြန်ပိတ်ရက် ကြိုတင် ညှိနှိုင်းမှု ပေါက်ကြားခဲ့သဖြင့် လူမှုကွန်ရက်များတွင် NLD အစိုးရကို ဝေဖန်မှုများ ရှိခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရ၏ ထုတ်ပြန်ချက်များမှာလည်း မရှင်းလင်းခဲ့၍ ပြည်သူများ စိတ်ပျက်ခဲ့ကြရသည်။

Loading