သတင်းတို

အရှေ့အလယ်ပိုင်းမှ လေကြောင်းခရီးသွားများ လျှပ်စစ်ပစ္စည်းသယ်ယူခွင့် ကန့်သတ်

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ မွတ်ဆလင်နိုင်ငံ တချို့မှ လာရောက်မည့် လေကြောင်း ခရီးသည်များအနေဖြင့် လက်ပ်တော့ ကွန်ပြူတာနှင့် တခြားသော အီလက်ထရွန်နစ် ပစ္စည်း အကြီးစားများကို ကိုယ်နှင့် အတူယူ ဆောင်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

အကြမ်းဖက်အုပ်စုတွေက ခရီးသည်တင်လေယာဉ်တွေကို ပစ်မှတ်ထား လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးသတင်းတွေအရ တားမြစ်တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးဌာန(TSA)က မော်ရိုကို၊ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗီးယား၊ ကူဝိတ်၊ ကာတာ၊ ယူအေအီးနိုင်ငံရှိ လေဆိပ်များမှ တိုက်ရိုက်ပျံသန်း လာမည့် ခရီးသွားများကို အထက်ပါပစ္စည်း ကိုယ်နှင့်တပါတည်းယူဆောင်မလာရန် မနေ့က ထုတ်ပြန် လိုက်ခြင်းဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဗြိတိန်နိုင်ငံကလည်း တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှားနဲ့ ဆော်ဒီ အာရေဗီယားကနေပြီး တိုက်ရိုက်ပျံသန်းလာ မယ့် လေကြောင်းခရီးသွားများအနေဖြင့် အဆိုပါ လက်ပ်တော့ကွန်ပြူတာနှင့် လျှပ်စစ်ပစ္စည်းအကြီး စားများ ယူဆောင်မလာရန် တားမြစ်လိုက် တာဖြစ်ပါတယ်။

ထို့ထုတ်ပြန်လိုက်သည့် အမေရိကန်၏ လေကြောင်းလုံခြုံရေးဆိုင်ရာ ပေါ်လစီအသစ်တွင်  Royal Jordanian ၊ Egypt Air ၊ Turkish Airlines၊ Saudi Arabian Airlines၊ Kuwait Airways၊ Royal Air Maroc၊ Qatar Airways၊ Emirates၊ Etihad စတဲ့လေကြောင်းလိုင်းတို့ အကျုံးဝင်မည်ဖြစ်ပါတယ်။

အမေရိကန်လေကြောင်းလိုင်းတွေကတော့ အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းနိုင်ငံများ၏ လေဆိပ်များနှင့် အမေရိကန်ပြည်ထောင်စု အကြားတိုက်ရိုက်ပျံသန်းမှု မရှိသည့်အတွက် အကျုံးဝင် ခြင်းမရှိပါဘူး။

အလားတူ ဗြိတိန်နိုင်ငံ လေကြောင်းလုံခြံရေးဆိုင်ရာ ကြေညာချက်ကြောင့် British Airways ၊ EasyJet ၊ jet2? Monarch ၊ Thomas Cook ၊ Thomson၊ Atlas-Global၊ Pegasus၊  EgyptAir၊ Royal Jordanian၊ Middle East Airlines, Saudia၊ Turkish Airlines နှင့် Tunisair စတဲ့လေကြောင်းလိုင်းတွေ အကျုံးဝင်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း အဆိုပါ အရှေ့အလယ်ပိုင်း ၆နိုင်ငံမှ ပျံသန်းလာမယ့် လေကြောင်းလိုင်းများနဲ့ လိုက်ပါလာတဲ့ ခရီးသည်များအနေဖြင့် ထုတ်ပြန်ချက်အတိုင်း လိုက်နာဖို့ ပြောဆိုထားပါတယ်။

အမေရိကန်အစိုးရအနေဖြင့် အကြမ်းဖက်သမားများအနေနဲ့ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကတည်းက အချက် အချာ ကျတဲ့လေဆိပ်တွေကို တိုက်ခိုက်လာတဲ့အပြင် လေကြောင်းလိုင်းများကို ပစ်မှတ်အဖြစ် ထားလာတာကို စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

Loading