မှုခင်း ကြိုတင်ကာကွယ်သည့် နည်းဗျူဟာများအရ ထောင်ကျဖူးသူများကို လူ့အဖွဲ့အစည်း ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် လုပ်ဆောင် ပေးသည့် နည်းစနစ်ကောင်းတခု ကျင်းသုံးရန် မြန်မာနိုင်ငံ၌ လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောသည်။
နေပြည်တော် သင်္ဂဟဟိုတယ်တွင် မတ်လ ၂၃ ရက်နေ့ ကျင်းပသည့် ပထမအကြိမ် မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာ ဗျူဟာ မူကြမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ရဲချုပ် ဇော်ဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ထောင်ကျတယောက် ပြန်လွတ်လာတဲ့အခါ သူ့ကို လူ့အဖွဲ့အစည်းထဲမှာ ဝင်ဆံ့အောင် ပေါင်းစည်းပေးဖို့လိုတယ်။ သူ့ကို ထောင်ထွက် တယောက်ဆိုပြီး အဖက်မလုပ်၊ သာရေး၊ နာရေးလည်း မခေါ်ဘူးဆိုရင် သူနဲ့ ဆက်သွယ်မှုရှိပြီးသား ဒုစရိုက်သမားတွေနဲ့ပဲ ပြန် ဆက်သွယ်လိမ့်မယ်”ဟု ရဲချုပ်က ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ ထောင်ကျဖူးသူများအတွက် မူလပြန်လည်ပေါင်းစည်းခြင်း အစီအစဉ် ကောင်းကောင်း ရှိသင့်ပြီ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီး တွင် နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှု အတွက်သာမက ဘဝအရည် အသွေးမြှင့်တင်ဖို့ကြိုးပမ်းရာတွင် ပြစ်မှုဆိုင်ရာ ကာကွယ် တားဆီးခြင်း မဟာဗျူဟာ၏ အရေးပါမှုကို အလေးထား လာကြသည်ဟုဆိုသည်။
မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပြစ်မှုဆိုင်ရာ ကာကွယ် တားဆီးခြင်း မဟာဗျူဟာ အပေါ် ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များ အနေဖြင့် ၂၁ ရာစုတွင် တိုးတက် ပြောင်းလဲလာသည့် ပြစ်မှုဆိုင်ရာ ကာကွယ် တားဆီးခြင်း အမျိုးအစားများနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပြစ်မှုဆိုင်ရာ ကာကွယ် တားဆီးခြင်း ဆိုင်ရာ မူသဘော တရားများအပေါ် အခြေခံပြီး ဆွေးနွေးကြစေ လိုကြောင်း ရဲချုပ်က မှာကြားခဲ့သည်။
ပြည်ထဲရေး ဝန်ကြီးဌာန၊ ဗြိတိသျှ သံရုံးနှင့် UNODC (United Nations Office on Drugs and Crime) တို့ ပူးပေါင်း၍ ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။