တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ လက်နက်များ ကိုင်ဆောင် ထားပါက သက်ဆိုင်ရာ အာဏာပိုင်များထံ လာရောက်အပ်နှံရန် တရုတ်ဒေသအာဏာပိုင်တို့က အမိန့်ထုတ်လိုက်ကြောင်း အစိုးရအာဘော် The Global Times သတင်းမှာဖော်ပြပါတယ်။
ဒီအမိန့်ထုတ်ပြန်တာကို ဒေသခံ Gengma ရဲတပ်ဖွဲ့ကလည်း အတည်ပြုလိုက်ပြီး၊ အွန်လိုင်းမှာလည်း ရေးသားထားပါတယ်။
လာရောက်အပ်နှံသူတွေအနေနဲ့ ဆုချီးမြှင့်ခံရမှာဖြစ်ပြီး၊ ရိုင်ဖယ်တလက်ကို တရုတ်ယွမ်ငွေ ၅၀၀၊ ပစ္စတိုတလက် တရုတ်ယွမ် ၂၀၀၊ ကျည်ဆန်တတောင့်ကို ၂ ယွမ်နှုန်း ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။
အခုလို ယူနန်ပြည်နယ် အာဏာပိုင်တွေရဲ့ အံအားသင့်ဖွယ် လုပ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်ရေးရာ ကျွမ်းကျင်သူတွေကတော့ တရုတ်အနေနဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းချင်တဲ့ သဘောသုံးသပ်ပါတယ်။
ယခု မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တွေနဲ့ မြန်မာတပ်မတော်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲမှာ လူပေါင်း ၂၀၀၀၀ ခန့် ယူနန်ပြည်နယ်ထဲ ထွက်ပြေးခဲ့ရပါတယ်။
တရုတ်ဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကူညီမယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့်၊ ၀ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို အထောက်အပံ ပေးနေတယ်ဆိုတဲ့ လေ့လာသူတွေ ရဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ပြီးနောက်မှာ ယခုလို လုပ်ရပ်တွေ လုပ်ကိုင်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံသူတွေ ဖွင့်လှစ်ထားတဲ့ ငွေစာရင်း ကို တရုတ်အကြီးဆုံးဘဏ်ကြီးဖြစ်တဲ့ စိုက်ပျိုးရေးဘဏ်က ပိတ်လိုက်ပါသေးတယ်။