မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Yakovlev Yak-130 ‘Mitten’ အဆင့်မြင့်လေ့ကျင့်ရေးနှင့် အသေးစားတိုက်ခိုက်ရေးလေယာဉ် သုံးစင်းကို ပထမအသုတ်အဖြစ် လက်ခံရယူခဲ့ကြောင်း ရုရှားကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိတဦးက မလေးရှားနိုင်ငံ လန်ကာဝီတွင် ကျင်းပသည့် ကာကွယ်ရေးပစ္စည်းပြပွဲ LIMA 2017 exhibition တွင် ကာကွယ်ရေးဆိုင်ရာ သတင်းမဂ္ဂဇင်း Jane’s သို့ ပြောကြောင်း သိရသည်။
ထိုလေယာဉ်အစင်း မည်မျှအထိ မြန်မာနိုင်ငံက မှာကြားထားသည်ကို ထိုအရာရှိက အတည်ပြုပြောကြားခြင်း မရှိသော်လည်း ထိုပထမအသုတ်ကို ၂၀၁၆ ခုနှစ်နှောင်းပိုင်းက ပေးပို့ခဲ့ကြောင်းနှင့် နောက်ထပ်လေယာဉ်များကို ၂၀၁၈ ခုနှစ်အထိ ဆက်လက်ပေးပို့မည်ဖြစ်ကြောင်းလည်း ပြောဆိုသည်ဟု Jane’s က ရေးသည်။ မြန်မာနိုင်ငံက နောင်တွင်လည်း ဆက်လက်မှာယူနေမည်ဟု မျှော်လင့်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
“လေယာဉ် အနည်းငယ်လောက် မြန်မာ့တပ်မတော် လေ ကို ပို့ပေးခဲ့ပါတယ်။ သူတို့က အဲဒီလေယာဉ်တွေကို ကြိုက်လွန်းလို့ ထပ်ဝယ်ချင်နေကြတယ်” ဟု Rostec State Corporation မှ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသဆိုင်ရာ မူဝါဒ ဒါရိုက်တာ Viktor Kladov က Jane’s သို့ ပြောကြောင်း သိရသည်။