သတင်းတို

မိုင်းရှူးတွင် ရွေးကောက်ပွဲကျင်းပရန် ပြည်နယ်ကော်မရှင်တိုက်တွန်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အန္တရာယ်မရှိနိုင်သည့်အတွက် မဲရုံအချို့ကို မပိတ်ဘဲ ကျင်းပသင့်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုင်းထွန်းမြ က ပြောသည်။

မိုင်းရှူးမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၃ စုအား ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပရန် လုံခြုံမှုမရှိဟုဆိုသည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ထားမှုအပေါ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ အစည်းအဝေးပြုလုပ်၍ ပြုလုပ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဦးစိုင်းထွန်းမြ က “ကျေးရွာတအုပ်စု၊ အဲ့ထဲမှာ ရွာက ၅ ရွာလောက်ရှိမယ်၊ မဲဆန္ဒရှင်က ၄၄၀၀ လောက်ရှိတယ်၊ သူတို့ကတော့ ၂၀၁၅ တုန်းကလည်း မပေးခဲ့ရတော့ အခုမဲပေးချင်ကြတယ်၊ ကျနော်တို့ကတော့ ကျင်းပဖို့ကို ထောက်ခံတင်ပြ ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

SSPP/SSA အနေဖြင့် ၎င်းထိန်းချုပ်ရာနယ်မြေအတွင်း ရွေးကောက်ပွဲများကျင်းပရေးကို ထောက်ခံအားပေးကာ ပူးပေါင်း ဆောင်ရွက် သွားရန်လည်း သဘောထား ထုတ်ပြန်ထားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မိုင်းရှူးနှင့် ကျေးသီမြို့နယ်များအတွင်း နယ်မြေလုံခြုံရေး အခြေ အနေအရ  ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့သည့်အတွက် ယခုကြားဖြတ်ရွေးကောက်ပွဲ ကိုကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Loading