ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီက မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာမှ ပါဝင်သည့် အချက်အလက်ရှာဖွေရေး အဖွဲ့ တဖွဲ့ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ရန် ဆုံးဖြတ်ချက်တခု ချမှတ်လိုက်သည်။
အဖွဲ့ဝင် ၄၇ ဦးပါဝင်သည့် လူ့အခွင့်အရေးကောင်စီက ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုကြသော ရခိုင်ပြည် မြောက်ပိုင်းမှ မွတ်ဆလင်များ အပေါ် နှိပ်စက်ခြင်း၊ မတရားပြုကျင့်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း နှင့် အဓမ္မနေရာရွှေ့ပြောင်းစေခြင်းများ အပါအဝင် လူအခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဆိုသော စွပ်စွဲမှုများအပေါ် လတ်တလော စုံစမ်းစစ်ဆေးမှုများအား ထပ်မံ ဖိအားပေးသည့် အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက်အရ လူ့အခွင့်အရေးကောင်စီ၏ ဥက္ကဌက လွတ်လပ်သော ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ခန့်အပ်တာဝန် ပေးမည် ဖြစ်ပြီး အဆိုပါအဖွဲ့က ဆောင်းဦးရာသီတွင် ပြုလုပ်မည့် ကောင်စီ အစည်းအဝေးတွင် နောက်ဆုံးရ အချက်အလက်များကို တင်ပြရမည်ဖြစ်သည်။
မြန်မာသံအမတ်ကြီး ဦးထင်လင်းက ရာဇဝတ်မှု စွပ်စွဲချက်များအတွက် ပြည်တွင်းတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း နှင့် နဂိုကတည်းက ရှုပ်ထွေးနေသည့် အခြေအနေကို ပိုဆိုးသွားစေမည့် ဆောင်ရွက်မှု မှန်သမျှကို လူ့အခွင့်အရေးကောင်စီက မပြုလုပ်သင့်ကြောင်း ကန့်ကွက် ပြောဆိုသည်။
ဥရောပသမဂ္ဂက ကျောထောက်နောက်ခံပြု၍ အဆိုပြုတင်သွင်းလာသည့် ယင်းဆုံးဖြတ်ချက် ချမှတ်ရာတွင် တရုတ်၊ အိန္ဒိယနှင့် ကျူးဘား အပါအဝင် နိုင်ငံအချို့က မိမိဆန္ဒအလျှောက် ပါဝင်ခြင်း မရှိခဲ့ကြပါ။