အခွန်ကောက်ခံမှုစနစ် အဟောင်းဖြင့် နောက်ဆုံးအကြိမ် ရောင်းချခဲ့သည့် ကျောက်မျက်ပွဲတွင် ကျောက်စိမ်းတွဲများ ရာနှုန်းပြည့်နီးပါး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာကျပ်ငွေဖြင့် ရောင်းချခဲ့သည့် ယခု အရောင်းပွဲတော်တွင် တင်သွင်းရောင်းချခဲ့သည့် ကျောက်စိမ်းတွဲ ၄၄၀၀ အနက် ၄၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။
မတ်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ ၆ ရက်တာ ကျင်းပခဲ့သော နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ ကျောက်မျက်အရောင်းပြပွဲကနေ ရောင်းချရမှုငွေကြေးမှာ ကျပ်သန်းပေါင်း ၆၁၉၁၅ ဒသမ ၂၀ သန်းရှိခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပွဲတော်ကျင်းပခအဖြစ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကျောက်တန်ကြေး၏ ၃ ရာခိုင်နှုန်း၊ အချောထည် ရောင်းချလျှင် ကျောက်တန်ကြေး၏ ၁ ရာခိုင်နှုန်း ရရှိကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးသန်းဇော်ဦးက ပြောသည်။
၂၀၁၇ခုနှစ် အခွန်အကောက်စနစ်အသစ်အရ ယခုနှစ် ဧပြီလ နောက်ပိုင်း ကျင်းပမည့် အရောင်းပွဲတော်များတွင် အခွန်အကောက်နှုန်းထား တိုးမြင့်လာမည်ဖြစ်သည်။