ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုသည်ဆိုသည့် စွပ်စွဲချက်များ ခိုင်လုံပါက သက်သေများကို နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက် စေကာ တရားရုံးများတွင် ဥပဒေနှင့် အညီတရားစွဲဆို နိုင်ရေး ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များကို များစွာ အလေးထား ဆောင်ရွက်လျှက်ရှိပြီး၊ ရခိုင်ပြည်နယ်စပ်ရှိ ရဲကင်းများအတိုက်ခံရပြီးနောက် ထွက်ပေါ်လာသည့် လူ့အခွင့်အရေးချိုးဖောက် သည်ဆိုသည့် စွပ်စွဲ ချက်များနှင့် ပတ်သက်၍ ဒုသမ္မတ ဦးဆောင်သည့် အဖွဲ့ကို ဖွဲ့စည်းကာ များမကြာမီက ရခိုင်ပြည်နယ် ကျေးရွာများ ကိုသာမက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားသို့လည်း သွားရောက်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ပြဿနာသည် ထိလွယ်ရှလွယ်သည့် အခြေအနေဖြစ်ပြီး၊ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာ ဖွေဖော်ထုတ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းသည် ပြဿနာဖြေရှင်းရေးကို အထောက်အကူမပြုသည့်အပြင်၊ ပြဿနာကို ပိုကြီးစေမည် ဖြစ်ကြောင်းလည်း ပါရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥရောပ သမဂ္ဂမှတင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲပဲ အတည်ပြုလိုက်ပြီးနောက် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းကာ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာအစိုးရက သဘောမတူကြောင်း ငြင်းပယ်ထားပြီးဖြစ်သည်။