အမျိုးသားရေးတိုင်းရင်းသားမျိုးနွယ်စုများအပေါ် စစ်ရေးအင်အားဖြင့် သြဇာသက်ရောက်အောင် ဖိအားပေး လေ့ရှိသည့် ရွေးချယ်မှုကို နိဂုံးချုပ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၇၂ နှစ်မြောက် ဖက်ဆစ်တော် လှန်ရေးနေ့(တပ်မတော်နေ့)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့ထုတ်ပြန်လိုက်သည်။
NLD၏ ထုတ်ပြန်ချက်တွင် “နိုင်ငံရဲ့အစိုးရ ပီပီပြင်ပြင်ဖြစ်အောင်လုပ်နိုင်မယ့် နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ လုံခြုံ ရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာ နားလည်မှုအများကြီးရှိဖို့လိုပါ တယ်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရနှင့် တပ်မတော်မှ သစ္စာရှိစွာလက်တွဲပူးပေါင်းခဲ့ခြင်း ကိုလည်း ကြိုဆိုကြောင်းနှင့် ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားမျိုးနွယ်စုအားလုံးပါဝင်ရေး ကြိုးပမ်းမှုတွင်လည်း အမျိုး သားပြန်လည်ရင်ကြားစေ့ရေးစိတ်ဓာတ်၊ တော်လှန်ရေးကာလ ညီညွတ်ရေးစိတ်ဓာတ်များဖြင့် ထာဝရငြိမ်း ချမ်းရေးရသည်အထိ ပြည်သူနှင့်အတူ သွေးစည်းပါဝင် အောင်မြင်နိုင်ပါစေကြောင်းလည်း ရေးသား ထားသည်။
ယနေ့ NLD ရုံးချုပ်တွင် ပြုလုပ်သည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် NLD နာယက သူရဦးတင်ဦးက လည်း တိုင်းရင်းသားမျိုးနွယ်စုအားလုံးပါဝင်သည့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း ရေးနှင့် ထာဝရငြိမ်းချမ်း ကို အပြန်အလှန်လေးစားအသိအမှတ်ပြုမှု၊ ယုံကြည်မှုများဖြင့် တည် ဆောက်ရမည် ဖြစ်ကြောင်း ပြောကြား သည်။
ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ယို့ယွင်းပျက်ဆီးခဲ့သည့် ရုပ်ဝတ္တုပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေများမှ လွတ်မြောက်အောင် ရုန်းကုန်ရာတွင် ပြည်သူလူထုအတွင်း၌ ဖြေရှင်းဆောင်ရွက်စရာ စိန်ခေါ်မှုများ ကြုံတွေ့နေဆဲဟုလည်း NLD၏ ကြေညာချက်က ဆိုသည်။
လတ်တလောတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအနေဖြင့် တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်(MNDAA) တပ်ဖွဲ့တို့အကြား ကိုးကန့်ဒေသတွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိပြီး၊ တနိုင်ငံလုံးအတိုင်း အတာ အပစ်အခတ်ရပ်ဆဲရေးစာချုပ်(NCA) တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ညီလာခံကျင်းပရေးကိုလည်း ရွေ့ဆိုင်းထားခဲ့သည်။
ယနေ့ ထုတ်ပြန်သည့် ၇၂ နှစ်မြောက် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ NLD ကြေညာချက်တွင် ၁၉၄၅ ခုနှစ် မတ်လ ၂၇ရက်နေ့က ပြုလုပ်ခဲ့သည့် ဖက်ဆစ်တော်လှန်ရေးတွင် ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ နှင့် ဒေါက်တာဘမော်၏ ပါတီ စသည်ဖြင့် နိုင်ငံရေးသမားများနှင့် လူထုပါ ပါဝင်တော်လှန်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ဧရာဝတီ သတင်းထောက် ထွန်းထွန်းပေးပို့သည်။