၁၁ ကြိမ်မြောက် အသက် ၁၉ နှစ်အောက် အာရှ လူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ ဘီ တွင် မတ် လ ၂၈ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ အုပ်စုပတ်လည် ရှုံးထွက် ပွဲစဉ် များဖြင့် တနေ့ ၃ ပွဲ ပြုလုပ်မည်ဟု သိရသည်။
ပြိုင်ပွဲတွင် မြန်မာ အပါအဝင် ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယား၊ သြစတြေးလျ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဂျပန်၊ တရုတ်၊ တရုတ် (တိုင်ပေ) တို့မှ လာရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလီဘော အသင်းချုပ် နည်းစနစ်အကြံပေး ဦးတင်မောင်အေးက ပြောသည်။
ဦးတင်မောင်အေးက “ကျနော်တို့ တိုင်းနဲ့ ပြည်နယ်ပွဲတွေလည်း ရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်ပွဲတွေကိုလည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီး ဌာနတို့နဲ့ ပူးပေါင်းပြီး နှစ်စဉ် Calendar ဆွဲပြီး ကျင်းပပါတယ်။ ဝန်ကြီးဌာန အားလုံး ပူးပေါင်းပြီး လုပ်ပါတယ်။ ပြီးတော့ အမျိုးသား အားကစားပွဲကိုလည်း လုပ်ဖို့ရှိနေပါတယ်” ဟု ပြောသည်။
အာရှနိုင်ငံများမှ ကစားသမားများ လာရောက်ကစားသည့်အခါ ၎င်းတို့၏ လက်ရည်များကို ကြည့်ပြီး နိုင်ငံတွင်းရှိ ကစားသမားများ၏ လက်ရည် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဟု သိရသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လကလည်း နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသား သက်ငယ်အဆင့် ဘော်လီဘောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။