ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များ ပါဝင်သော အဖွဲ့တခုသည် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရခိုင်ပြည်နယ် မောင်တော ဒေသသို့ ဝင်ရောက်လေ့လာရန် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်မြို့ အီးယူရုံးမှ သံမှူး Dr.Colin Steinbach နှင့် EU အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် စပိန်၊ ဆွီဒင်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်၊ ချက်၊ အီတလီ၊ အိုင်ယာလန်နှင့် နယ်သာလန် နိုင်ငံတို့မှ သံတမန်များ ပါဝင်သည့် ၁၃ ဦး အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန် ရှိကြောင်း၊ အီးယူ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများ ကိုလည်း လေ့လာရန် ရှိသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ပြောသည်။
အီးယူကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်အတွင်း မောင်တောဒေသရှိ ဦးရှည်ကျ ကျေးရွာ၊ ကျားခေါင်းတောင် ကျေးရွာ၊ ဒါကြီးဇာ ကျေးရွာ၊ ရေခပ်ချောင်း ဂွဆုံကျေးရွာ၊ ပွင့်ဖြူချောင်း ကျေးရွာ၊ ကြက်ရိုးပြင် ကျေးရွာ၊ လောင်းဒုံ ကျေးရွာနှင့် ငါးခူရ(ကျီးကန်းပြင်) ကျေးရွာတို့ကို သွားရောက်လေ့လာမည် ဖြစ်သည်။
အီးယူမှ တင်သွင်းသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ လွတ် လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့တခု စေလွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လ ၂၄ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက သဘောမတူ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သေးသည်။
ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော် စစ်တွေမြို့မှ ပေးပို့သည်။