အမြင်အာရုံ ချို့ယွင်းနေသော်လည်း မသန်စွမ်းဖြစ်ခဲ့ရသူများကို သာမန်လူများနည်းတူ နယ်ပယ်စုံတွင် တန်းတူညီမျှ ဆက်ဆံမှု ရရှိနိုင်ရေး၊ ပညာအလင်းဖွင့်ကာ ဘဝအနေအထား မြင့်မားစေလိုသည့် စိတ်ရင်းစေတနာဖြင့် စေတနာဝန်ထမ်း လုပ်အားပေး ဆရာမအဖြစ် လုပ်ကိုင်ပေးခဲ့သူ အသက် ၂၆ နှစ်အရွယ် မအေးချမ်းအောင်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွက် ချီးကျုးဂုဏ်ပြုထိုက်သူဆု ချီးမြှင့်လိုက်ကြောင်း သိရသည်။
မအေးချမ်းအောင်သည် ရခိုင်တိုင်းရင်းသား ဖခင် ဦးမြင့်အောင်၊ ဓနုတိုင်းရင်းသူ မိခင် ဒေါက်တာဒေါ်သန်းနုတို့က ၁၉၉၀ ခုနှစ်တွင် မွေးခဲ့ပြီး မွေးရာပါ ညာဖက်မျက်စိ အမြင်အာရုံချို့ယွင်းခဲ့သူ ဖြစ်ကြောင်း၊ အသက် ၁၀ နှစ်အရွယ်တွင် ဘယ်ဘက်မျက်စိ လုံးဝ အလင်းကွယ်ပြီး အမြင်အာရုံ လုံးဝ ပျောက်ဆုံးခဲ့ကြောင်း၊ သို့ရာတွင် အားငယ်စိတ်မရှိဘဲ ကြိုးစားခဲ့ရာမှ အခြေခံပညာအထက်တန်းကို ဂုဏ်တူး ၃ ဘာသာ၊ မြန်မာတနိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ ပထမ အဆင့်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ B.A(English) ရရှိခဲ့ပြီး လက်ရှိတွင် အင်္ဂလိပ်- မြန်မာ ဘာသာပြန်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
သူသည် အမြင်အာရုံ ချို့ယွင်းသည့် လူငယ်များအား ပညာအလင်းဖွင့်ကာ ဘဝအနေအထား မြင့်မားစေလိုသည့် စိတ်ရင်းစေတနာဖြင့် ၂၀၁၂ ခုနှစ်တွင် ရမည်းသင်း မျက်မမြင်ကျောင်း၌ စေတနာဝန်ထမ်း လုပ်အားပေး ဆရာမ အဖြစ်လည်း လုပ်ဆောင်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်