ရွှေတိဂုံစေတီနှင့် ပုဂံ၊ မြောက်ဦးတို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်နေ
ရွှေတိဂုံ စေတီတော်၊ ပုဂံနှင့် မြောက်ဦးဒေသတို့ကို ၃နှစ်အတွင်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အောင် ဆောင်ရွက်နေ သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နေပြည်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
သူရဦးအောင်ကိုက “အလားတူပဲ ၂၀၁၈-၁၉မှာ ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုလည်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းနိုင်ဖို့ အခု မကြာခင်မှာပဲ ပထမအကြိမ် အစည်းအဝေးကို UNESCO က ပညာရှင်တွေနဲ့ အတူ ကျင်းပသွားဖို့ စီမံထားပါတယ်” ဟုဆိုသည်။
ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းရန် လိုအပ်သည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲနေပြီး လိုအပ်သည့် အဆိုပြုလွှာ မူကြမ်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အပြီးသတ် တင်သွင်းမည် ဖြစ်ကြောင်း ရခိုင် ပြည်နယ် မြောက်ဦးဒေသ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ကိုလည်း ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းရန် ကွင်းဆင်းလေ့လာမှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။
ဧရာဝတီ သတင်းထောက် ဖေသက်ထက်ခင် ပေးပို့သည်။