သတင်းတို

ရန်ကုန်မြို့ရေလေလွင့်မှုလျှော့ချရေးရှေ့ပြေးစီမံကိန်းပြီးမြောက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် MANILAR WATER ၊ Mitsubishi Corporation တို့ပူးပေါင်းပြီး ရန်ကုန်မြို့ ရေလေလွှင့်မှုလျှော့ချရေးစီမံချက်၏ ရှေ့ပြေးစီမံကိန်းပြီးမြောက်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ယနေ့ပြုလုပ်သည့် အခမ်းအနားမှ သိရသည်။

ရေနှင့်သန့်ရှင်းမှုဌာနမှ ဒုတိယဌာနမှူး ဦးမျိုးသိမ်းက ““လျှော့ချတဲ့လုပ်ငန်းတွေမှာဆိုရင် ပထမဆုံး သတ်မှတ်နယ်မြေမှာ လေ့လာမှုတွေလုပ်ရတယ်။ ရေမီတာဟောင်းနွမ်း တွေကိုလည်း ပြန်လည်စစ်ပြီးတော့ အစားထိုးလဲလှယ် ပေးရတာ ရှိပါတယ်။ ရေဖိုးရေခ အပြည့်အဝရဖို့ ပြန်ပြီး နယ်မြေ ကွင်းဆင်းပြီးတော့ ရေရရှိမှုအခြေအနေ မေးတယ်။ ကွင်းဆင်း ဆောင်ရွက်တဲ့အခါ ရေပိုက်တွေက ရေလေလွင့် ဆုံးရှုံးမှု ကြောင့်လား ကျွန်တော်တို့ရဲ့ တရားဝင် ရေဖိုးရေခ ရရှိမှုတွေ လစ်ဟာနေမှုကြောင့် ဆုံးရှုံးနေတာလား စနစ်တကျ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး  ဆုံးနေမှုကို ဘယ်အနေအထားအထိ လျှော့ချနိုင်မယ်လဲဆိုပြီး လုပ်တာပါ”ဟု ဆက်ပြောသည်။

အဆိုပါရှေ့ပြေးစီမံကိန်းကို ၂၀၁၄ ခုနှစ် မတ်လကတည်းမှ စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်ရှိသော ရေပေးရေးဇုန် ၁၀ ဇုန် သတ်မှတ်ထားသည့်အနက်မှ တောင်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ကနဦး စမ်းသပ်လေ့လာခြင်းများဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရေလေလွှင့်မှုလျှော့ချရေးစီမံချက်ဆိုသည်မှာ ပေးဝေနေသည့် ပိုက်များ၏ အနေအထား၊ ဟောင်းနွမ်းနေသည့် ပိုက်များ၏ အနေအထား၊ ရေပေးဝေရေးပိုက်များကို အစားထိုးခြင်း အသစ်လဲလှယ်ခြင်းများ၊ ရေမီတာဟောင်းများကို ပြန်လည်စစ်ဆေး၍ အစားထိုးလဲလှယ်လဲခြင်းလုပ်ငန်းများကို လုပ်ကိုင်၍ ရေအလေအလွှင့် ဖြစ်ပေါ်နေသည့်နေရာများကို လျှော့ချသည့် လုပ်ငန်းဖြစ်သည်။

အင်းစိန်မြို့နယ်တွင် လေ့လာချက်အရ မူလရေယိုစိမ့်တဲ့ရာခိုင်နှုန်းသည်  ၅၂ ရာခိုင်နှုန်း ကနေ ယခု ၁၇ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ပြီဖြစ်ကြောင်း၊ အလားတူ တောင်ဥက္ကလာမြို့နယ်တွင်လည်း မူလ ၆၁ ရာခိုင်နှုန်း ကနေ ယခုအခါ ၁၂ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Loading