သတင်းတို

နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်စည်များ X-ray စက်ဖြင့် စစ်ဆေးရန် စီစဉ်

တရားမဝင်ကုန်စည်များ ဝင်ရောက်မှုကို စစ်ဆေးနိုင်ရန် အသစ်ဖွင့်လှစ်ထားသည့် ရေပူနှင့် မရမ်းချောင် နယ်စပ် ဂိတ်ပေါက် များမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများကို X-ray စက်များနှင့် စစ်ဆေးနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း အကောက်အခွန်ဌာနမှ သိရသည်။

အကောက်အခွန်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်းက “မူဆယ်တို့ မြဝတီတို့က မူလထဲက X-ray စစ်နေတာရှိတယ်။ ဒါကတော့ ပုံမှန် လမ်းကြောင်းတွေဖြစ်တယ်။ အခုအသစ်ဖွင့်ထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဖို့ ရေပူနဲ့ မရမ်းချောင်နဲ့ကတော့ မစနိုင်သေးဘူး။ လုပ်ဆောင်နေဆဲဖြစ်တယ်။ အခု X-ray စက်တွေနဲ့ စစ်ဆေးနိုင်ဖို့ စီစဉ်နေတယ်”ဟု ပြောသည်။

အဆိုပါ ရေပူနှင့် မရမ်းချောင် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး X-ray စက်များကို တပ်ဆင်ရာတွင် နိုင်ငံတော်ဘဏ္ဍာနှင့် သော်လည်း၊ လုပ်ငန်းရှင်များကို တင်ဒါစနစ်ဖြင့် ခေါ်ယူ၍သော်လည်း မည်သို့ လုပ်ဆောင်သွားမည်ကို ပြောဆို၍ မရသေးကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်း၊ လွယ်ဂျယ် အစရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း  ၁၆ ခုရှိသည်။

Loading