ချောင်းဆုံမြို့နယ်တွင်းရှိ နတ်မှော်ရွာနှင့် ကမနင်း ကျေးရွာများအတွင်း မတ်လ ၃၀၊ ၃၁ ရက်နေ့များက ကြိုတင်မဲ ကောက်ယူခဲ့စဉ် မဲပေးရာ၌ မှားယွင်းမှု ဖြစ်ပေါ် ခဲ့ပြီး ၎င်းမဲရလဒ်များအား ပြန်လည် အတည်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းခဲ့ရကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက ရှင်းပြသည်။
“ရပ်/ကျေး ကော်မရှင်မှာ ဖွင့်ထားတဲ့ ကြိုတင်မဲပုံး အနက် နတ်မှော်နဲ့ ကမနင်း ကျေးရွာ ကြိုတင်မဲပုံးမှာ သတ်မှတ်ထားတဲ့ အမှန်ခြစ် အမှတ်အသားနဲ့ ဘောပင်နဲ့ ခြစ်နဲ့ နေရာမှာ မှားယွင်းသွားပြီး အမှန်ခြစ် တံဆိပ်တုံးတွေ ထုလိုက်မိလို့ အဲဒီ မဲရလဒ်ကို ထည့်သွင်း စဉ်းစားပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်လိုက်တာ ၊ မနေ့က ည ၁၀ နာရီခွဲက။ အဲဒါကို ရွေးကောက်ပွဲ နည်းဥပဒေ ၆၆ (ဃ) ပါ ပယ်ရမယ့် ကြိုတင် ဆန္ဒမဲ လက်မှတ်မျိုးတွင် မပါဝင်ပါက ခိုင်လုံမဲ အဖြစ် သတ်မှတ် ရေတွက်ရန် ဆိုပြီး စာပြန်လာပါတယ်” ဟု ဦးထွန်းရီက ရှင်းပြသည်။
မှားယွင်းမှုမှာ နတ်မှော် ကျေးရွာမှ ကြိုတင်မဲ ၉၀ မဲနှင့် ကမနင်း ကျေးရွာမှ ကြိုတင်မဲ ၅၀ ပါဝင်ပြီး စုစုပေါင်း မဲ ၁၄၀ မှားယွင်းမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ရွေးကောက်ပွဲ ဥပဒေ အရ ကြိုတင်မဲကို ဘောပင်ဖြင့် အမှန်ခြစ် ပေးရပြီး ၊ ရွေးကောက်ပွဲ နေ့တွင် ကိုယ်တိုင် ကိုယ်ကျ မဲလာရောက် ပေးအပ်မှသာ အမှန်ခြစ် တံဆိပ်သုံးကို အသုံးပြု၍ ဆန္ဒမဲ ပေးရမည် ဖြစ်သည်။
ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲမှ နိုင်ငံရေး ပါတီများ အပါအဝင် ရွေးကောက်ပွဲ ညှိနှိုင်းရေး အဖွဲ့နှင့် ညှိနှိုင်း ပြီးနောက်တွင် ခရိုင်၊ ပြည်နယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အထိ အဆင့်ဆင့် စာတင် ခဲ့ပြီးနောက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်မဲဟု ယူဆနိုင်သည့် အခြေခံ အကြောင်းတရားများ မရှိခဲ့ပါက ဘောပင်ဖြင့် အမှန်ခြစ်သည် ဖြစ်စေ၊ တံဆိပ်တုံးဖြင့် အမှန်ခြစ်သည် ဖြစ်သည် ၎င်းမဲကို ထည့်သွင်း ရေတွက် နိုင်ကြောင်း အကြောင်းပြန် ခဲ့ခြင်း ဖြစ်သည်။
“ဒါဟာ ကျနော်တို့ ကော်မရှင်ရဲ့ အားနည်းချက် ဖြစ်တယ်၊ ကိုယ်စားလှယ်လောင်းတွေ အတွက် မဲတွေ မဆုံးရှုံးစေချင်ဘူး၊ နိုင်ငံရေး ပါတီတွေက လူတွေလည်း ဒီလို သဘောထား ရှိတဲ့ အတွက် ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို တင်ပြပြီး အသိပေး လိုက်ရခြင်း ဖြစ်တယ်” ဟု ဦးထွန်းရီက ဆက်လက် ရှင်းပြသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ ညနေ ၃ နာရီတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ကောက်ယူ ရရှိထားသည့် စာရင်း အရ မဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိပြီး ချောင်းဆုံ မဲဆန္ဒနယ် တခုလုံးတွင် ညနေ ၃ နာရီ အထိ အတည်ပြုနိုင်သည့် မဲပေးသူ ဦးရေမှာ ၂၅ ရာခိုင်နှုန်းကျော်သာ ရှိသေးကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ထံမှ သိရှိရသည်။