၈၈ မျိုးဆက်ကျောင်းသားများပါဝင်မည့် နိုင်ငံရေးပါတီကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် မှတ်ပုံတင်ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ နိုင်ငံရေးပါတီတရပ်အဖြစ် တရားဝင်ရပ်တည်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမင်းဇေယျာက ပြောသည်။
“အကြမ်းဖျဉ်း လျာထားချက်က ၂၀၁၇ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာ အဆင်သင့်နိုင်ငံရေးပါတီတရပ်အဖြစ်နဲ့ တရားဝင်ရပ်တည်ပြီးတော့ အဆင်သင့်နိုင်ငံရေးပါတီ အလုပ်ကို လုပ်ဆောင်လို့ ရမယ်လို့ အဲဒီလိုမှန်းထားတယ်”ဟု ဆိုသည်။
၂၀၁၇ မတ်လ ၃၀ နှင် ၃၁ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ တရပ်ဖွဲ့စည်းရေး ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးပါတီတခု ပေါ်ထွန်းလာရေးအတွက် ဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများကို ဖိတ်ခေါ်၍ UMFCCI တွင် ကျင်းပခဲ့မှုတွင် ပြည်တွင်း၊ ပြည်ပ အကြံပြုစာတမ်းပေါင်း ၂၆ စောင် တင်သွင်းခဲ့သည်။
နိုင်ငံရေးပါတီတရပ်ဖွဲ့စည်းရေးအတွက် ဖွဲ့စည်းရေးကော်မတီကိုလည်း မေလအတွင်း ဖွဲ့စည်းနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသား ဦးမြအေးက ပြောသည်။
အဆိုပါတီကို အခြားသော နိုင်ငံရေးပါတီများနှင့် မတူညီသည့် အခြေခံသဘောတရားများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“လူတွေက အခြားပါတီနဲ့ မတူညီတာ ကျနော်တို့ဆီက ဘာတွေမျှော်လင့်နိုင်မလဲ ဆိုတော့ ပါတီ စမဖွဲ့ခင်ကတည်းက နိုင်ငံရေးယဉ်ကျေးမှုသစ်ကို သွားဖို့ မျှော်လင့်လို့ ဒီဆွေးနွေးပွဲကို လုပ်ဖြစ်ခဲ့တယ်။ နောက်နောင်မှာလည်း နိုင်ငံတော်အတွက် မူဝါဒတွေကို ဆွေးနွေးတဲ့နေရာမှာ အပေါ်ကနေ အောက်ကို အသိပေးတဲ့ ယဉ်ကျေးမှုကနေပြီးတော့ ဒီလိုဆွေးနွေးအဖြေရှာ ဖော်ထုတ်တဲ့ ယဉ်ကျေးမှုဆီကို ပုံဖော်ချင်ပါတယ်”ဟု ဦးမြအေးက ဆိုသည်။
နိုင်ငံရေးပါတီကို ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု ခိုင်ခိုင်မာမာ ပေါ်ပေါက်လာရေးတို့အတွက် နိုင်ငံရေးအရ ပါဝင်လုပ်ဆောင်ချင်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း ပြောသည်။