ဥပဒေလုပ်ထုံး လုပ်နည်းဖြင့် ညီညွတ်ခြင်းမရှိသဖြင့် ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရထားသည့် Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် ကိုဆွေဝင်းက မန္တလေးမြို့မ ရဲစခန်း၏ ဆင့်ခေါ်မှုကို သွားရောက် စစ်ဆေးခံရန် အစီအစဉ် မရှိကြောင်း ပြောကြားသည်။
“ကျနော်ရှေ့နေ့ အကြံပေးတဲ့ အတိုင်း ဥပဒေအတိုင်းပဲ ရင်ဆိုင်မယ်။ ကျနော်တို့ မသွားဖြစ်ပါဘူး”ဟု ဆိုသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၄ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင်ရုံးတွင် ဧပြီလ ၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကိုဆွေဝင်းက အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
အဆိုပါ အမှုကို မန္တလေးမြို့တွင်နေထိုင်သော ဦးကျော်မျိုးရွှေက တရားလိုပြုလုပ် ၍ မတ်လ ၇ ရက်နေ့က မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇) နယ်မြေရဲစခန်းတွင် ပုဒ်မ ၆၆ ဃ ဖြင့် ကိုဆွေဝင်းကို တရားစွဲဆိုထားခြင်းဖြစ်သည်။
ရဲစခန်းမှ စစ်ဆေးရန် ဆင့်ခေါ်မှုသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း ကိုဆွေဝင်း၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
“အကြောင်းကြားစာမှာ စခန်းမှူးလို့ သုံးထားပေမယ့် နာမည်၊ ကိုယ်ပိုင်နံပါတ်၊ ရာထူးအဆင့် ဘာမှ မပါဘူး။ စခန်းမှူးလို့ ရေးထားတာပဲ ရှိတယ်။ ဒါ တချက်၊ နောင် မူလတုန်းက သတင်းမီဒီယာကောင်စီကနေပဲ စာတွေ ပို့မယ် ရှင်းလင်းမယ်လို့ သဘောတူထားသော်လည်း တိုက်ရိုက်ပေးပို့လာတဲ့ အခြေအနေတွေအရပါ”ဟု ဆိုသည်။
ရဲတပ်ဖွဲ့အပေါ်တွင်လည်း အာဃတ မထားကြောင်းကိုလည်း ကိုဆွေဝင်းက “သက်ဆိုင်ရာ ရဲဌာနအပေါ်ကို ကျနော်က လုံးဝအာဃတမထားဘူး။ ဒီဌာန အဖွဲ့အစည်းဆိုတာ အလုပ်လုပ်ရဆုံး အပင်ပန်းဆုံး အဆင်းရဲဆုံး အဖွဲ့စအစည်းပါ ၊ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ အာဃတ ထားစရာ နင်ပဲငါဆ ရန်ဆောင်စရာ အကြောင်းမရှိပါဘူး” ဟုပြောသည်။
ရဲစခန်းမှ ဆင့်ခေါ်စာကို မတ် ၂၉ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့ပြီး ထိုအကြောင်းကြားစာတွင် Ba Kaung ဖေ့ဘွတ် ကို အသုံးပြုသည့် သက်သေခံပစ္စည်းများ (ဖုန်း၊ ဆင်းကဒ်၊ ကွန်ပြူတာ) ကို အမှုစစ်အရာရှိထံ အပ်နှံရန်အပြင်စစ်ဆေးခံရန်အတွက် ဧပြီ ၂ ရက်နေ့တွင် ရဲစခန်းသို့ လာရောက်ရမည် ဟု ရေးသားပေးပို့ထားသည်။