၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၏ မဲအနိုင်အရှုံးရလဒ်၊ အမည်စာရင်းကို ဧပြီ ၂ ရက်နေ့ မနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယနေ့ ည ၉ နာရီထုတ်ပြန်ချက် အရ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက “လက်ရှိမှာ ပြုစုနေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဆန္ဒမဲစာရင်း ပုံစံ ၁၉ ပြုစုပြီးမှသာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေကို ပေးပို့ရမှာဖြစ်ပြီး ၄၉ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာရမှာပါ။ ၂၀၁၅ မှာ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ် ကျေးသီးနဲ့ မိုင်းရှုးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ ပုံစံ ၁၉ အချိန်မီ ရောက်ရှိလာရင် ဧပြီ ၂ ရက် မနက် ၉ နာရီမှာ အမည်စာရင်းကို ကြေညာပေးမှာဖြစ်ပါတယ်” လို့ ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ ၅ နေရာ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် ညောင်ရွှေတွင် ယှဉ်ပြိုင်မှု အနိုင်ရခဲ့ပြီး လက်ရှိရလဒ်များအရ ပဲခူးတိုင်းတွင်လည်း မဲရလဒ်ကောင်းမွန်နေကြောင်း သိရသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာများတွင်မူ USDP, ANP ပါတီတို့က မဲ ရလဒ်အသာရနေကြောင်း သိရသည်။