AFC Women’s Asian Cup Jordan 2018 ခြေစစ်ပွဲ အုပ်စု (ဃ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း နဲ့ အီရန် လက်ရွေးစင်အမျိုးသမီးအသင်းတို့ မနေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့မှာ ယှဉ်ပြိုင်ကစားရာ မြန်မာအမျိုးသမီးအသင်းက ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်းပွဲစပြီး ၄မိနစ်မှာ ဇူလိုင်ကျော်က အဖွင့်ဂိုးကို စတင်သွင်းယူပြီးနောက် ဝင်းသိင်္ဂီထွန်းက ပထမပိုင်း ပွဲပြီးခါနီး နာကျင်အချိန်ပို ၂မိနစ်မှာ ဒုတိယဂိုး သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာအမျိုးသမီး အသင်းနည်းပြ Roger Reijners ဟာ တောင်ပံတွေကနေ အကျိုးရှိရှိ အသုံးချကာ နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ကြောင်း၊ အီရန်အမျိုးသမီးအသင်းအတွက်တော့ ၂နှစ်အတွင်း ပထမဆုံးကစားတဲ့ နိုင်ငံတကာပွဲစဉ်မှာ ရှုံးနိမ့် ခြင်းဖြစ်တယ်လို့ Iran Daily သတင်းကဆိုပါတယ်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းပါဝင်တဲ့ အုပ်စု(ဃ)မှာ အိမ်ရှင် ဗီယက်နမ်၊ အီရန်၊ ဆီးရီးယား၊ စင်ကာပူ တို့ ပါဝင်ပြီး၊ စင်ကာပူ အသင်းဟာလည်း ဆီးရီးယား အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မနက်ဖြန်မှာတော့ စင်ကာပူ – အီရန်၊ ဆီးရီးယား- ဗီယက်နမ်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းကတော့ ဆီးရီးယား အမျိုးသမီးအသင်းနဲ့ လာမည့် ဧပြီ ၇ရက်မှာ ကစားမှာ ဖြစ်ပါတယ်။