မွန်ပြည်နယ် ချောင်းဆုံတံတားဖွင့်ပွဲသို့ တက်ရောက်ရန် လူစာရင်းနှင့် စရန်ငွေ ကောက်ခံသော ဖိတ်ကြားစာ များ ပျံ့နံှ့ ထွက်ပေါ်နေခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအဖွဲ့၏ ညွှန်ကြားချက် မဟုတ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ဆီက ခိုင်းတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းကို ကျနော်တို့နာမည် သုံးပြီး လုပ်တာကို ရပ်ခိုင်းထားပါတယ်” ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အတွင်းရေးမှုး ဦးဆန်းလှ အမည်ဖြင့် မတ်လ ၃၁ရက်နေ့ ရက်စွဲဖြင့် မွန်ပြည်နယ်ရှိ ချောင်းဆုံတံတားဖွင့်ပွဲသို့ သွားရောက်ရန် လူစာရင်းနှင့် စရန်ငွေ ကျပ် ၁ သောင်း ကောက်ခံသည့် ဖိတ်စာ စာရွက်များ အွန်လိုင်းပေါ် ပျံ့နှံ့နေခဲ့သည်။
နိုင်ငံရေး ၊ လူမှုရေး တက်ကြွ လှုပ်ရှားသူ ဦးနိုင်ကိုသူ ကလည်း “တံတားဖွင့်ပွဲ သွားမယ် ဆိုပြီး မြောက်ဒဂုံက ကြေညာချက် ထွက်လာတယ်။ ချက်ချင်းပဲ စုံစမ်းကြည့်တော့ ဗဟိုရဲ့ညွှန်ကြားချက် မဟုတ်ဘူးဆိုတာ သိရ တယ်။ မြို့နယ်တွေမှာ ရှိတဲ့ တာဝန်ခံတွေကိုလည်း ဒီစာရောက်လား မေးကြည့်တာ မရှိပါဘူးလို့ ပြောတယ်” ဟု ပြောသည်။