သတင်းတို

စင်ကာပူရောက် မြန်မာအိမ်အကူ အလုပ်သမားများ သင်္ကြန်ပွဲကျင်းပ

စင်ကာပူနိုင်ငံမှ အိမ်အကူ အလုပ်သမားများ ကလပ်တွင် ဧပြီလ ၂ ရက်နေ့က မြန်မာနှင့် သီရိလင်္ကာမှ အိမ်အကူများ၏ နှစ်သစ်ကူးပွဲကျင်းပခဲ့ကြကြောင်း စင်ကာပူနိုင်ငံမှ The Straits Times သတင်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံခြား အိမ်အကူအလုပ်သမားများအတွက် လူမှုရေး အကူအညီများနှင့် လေ့ကျင့်သင်တန်းများ ပေးနေသည့်  Foreign Domestic Worker Association for Social Support and Training (Fast)  ၏ Bukit Merah ရှိ ကလပ်တွင် ပြုလုပ် ခဲ့သော အခမ်းအနားတွင် ရိုးရာသီချင်းများ သီဆို ကပြခြင်းနှင့်  ရိုးရာ ဝတ်စုံများ ဝတ်ဆင်ပြသည့် ဖက်ရှင်ရှိုးများ ပါဝင်ခဲ့ပြီး မြန်မာ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်မှ အလုပ်သမား ၄၀၀ ကျော်တက်ရောက် အားပေးခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်၍ ၂၀၀၇ ခုနှစ်တွင် တရားဝင်အဖွဲ့အစည်း ဖြစ်လာခဲ့သော Fast တွင် အဖွဲ့ဝင် ၅၇၀၀ ခန့် ရှိပြီး အဖွဲ့ဝင်များ၏ သက်ဆိုင်ရာ ပွဲတော်များကို ကျင်းပခြင်း အားဖြင့် အသိုင်းအဝိုင်းအတွင်းတွင် ယဉ်ကျေးမှု အသီး သီးမှ ပျော်ရွှင်မှုများ နွေးထွေးမှုများကို တွေ့ကြုံနိုင်ရန် ဖြစ်သည်ဟု Fast ၏ ဥက္ကဌ Seah Seng Choon က  The Straits Times ကို ပြောကြားခဲ့သည်။

မြန်မာနှင့် သီရိလင်္ကာ နှစ်ကူး ပွဲတော်များသည် ပုံမှန် အားဖြင့် ဧပြီလ အလယ်ပိုင်းလောက်တွင် ကျရောက်လေ့ ရှိသော် လည်း ကြိုတင်ပြုလုပ်နိုင်ခဲ့သည့် အတွက် ပျော်ရွှင်ကြောင်း နှစ်သစ်ကူးပွဲသို့ တက်ရောက်လာသော မြန်မာနှင့် သီရိ လင်္ကာမှ အိမ်အကူများက ပြောကြားခဲ့ကြသည်။

Loading