မြောက်ကိုရီးယားက ဒုံးပျံတစင်းကို ဆင်ပိုဆိပ်ကမ်းမြို့ကနေ အရှေ့ဘက် ဂျပန်ပင်လယ်အတွင်းသို့ ယနေ့ပစ်လွတ်လိုက်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တို့က ပြောကြားခဲ့ပါတယ်။
ဒီဒုံးပျံဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံလား တာဝေးပစ် ဒုံးပျံလားဆိုတာကို မကွဲပြားသေးပါဘူး။
အမေရိကန် ပစ္စဖိတ်စစ်ဌာနချုပ်ကလည်း မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းခြေမှ ဒုံးပျံပစ်လွှတ် လိုက်တာကို ရှာဖွေ့တွေ့ရှိကြောင်း၊ တာလတ်ပစ် KN-15 အမျိုးအစား ဒုံးပျံဖြစ်နိုင်ကြောင်း၊ အဆိုပါ ဒုံးပျံဟာ ၃၇မိုင်ခန့် အကွာအဝေးအထိ ပစ်နိုင်ကြောင်းဆိုပါတယ်။
KN-15 အမျိုးအစားဒုံးပျံဟာ လောင်စာခဲသုံး ဒုံးပျံအမျိုးအစားဖြစ်ပြီး မြောက်ကိုရီးယားကတော့ Pukguksong 2 လို့ ခေါ်ပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ယခုအပတ်အတွင်း ပထမ ဆုံး အကြိမ်တွေ့ဆုံဖို့ ကြေညာခဲ့ပြီးနောက်မှာ ပစ်လွှတ်လိုက်တာဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက ဒီလုပ်ရပ်ကို အကျိုးအကြောင်းမဆင်ခြင်တဲ့ ရန်စကျူးကျော် မှု လို့ ပြောကြားခဲ့သလို၊ ဂျပန်နိုင်ငံကလည်း ဒါဟာ ရန်စတဲ့ လုပ်ရပ်လို့ ဆိုလိုက်ပြီး ၊ သည်းခံတော့မှာ မဟုတ်ဘူးလို့ ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့ အကြီးအကဲက ဆိုပါတယ်။