နေပြည်တော် လယ်ဝေးမြို့နယ် ချောင်းခွအုပ်စု နနွန်းကျေးရွာတွင် ယနေနံနက် ၇ နာရီခန့်က ဖခင်ဖြစ်သူက သူ၏ သားနှင့်သမီးကို ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း လယ်ဝေးမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
ဖခင်ဖြစ်သူက အရက်မူးပြီး ဓားဖြင့်ခုတ်သတ်၍ ၆ နှစ်အရွယ် ယောက်ျားလေးနှင့် ၄ နှစ်အရွယ် မိန်းကလေးတို့သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမင်းသိန်းက ပြောသည်။
“အကြမ်းဖျင်း ပြောရရင် အဲဒီလူက အရက်သမား၊ တခါတခါ အရက်မူးလာရင် စိတ်ဖောက်ပြန်တတ်တယ်။ စိတ်ကြောင် တတ်တယ်။ အိမ်မှာ မိသားစုကိုရန်ရှာ ဓားဆွဲတုတ်ဆွဲ ဖြစ်တတ်တယ်။ သူ့မိန်းမက ပြီးခဲ့တဲ့ နှစ်ကတည်းက အိမ်ပေါ်က ဆင်းသွားတာ၊ ကလေး၂ ယောက်နဲ့ သူနဲ့ကျန်ခဲ့တာ” ဟု ရဲမှူး စိုးမင်းသိန်းက ပြောပြသည်။
ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် သွားရောက်စစ်ဆေးရာတွင် ကလေးနှစ်ဦးကို ဓားဖြင့် ခုတ်သတ်ထားသည့် အပြင် သူ့ကိုယ်သူ ဓားဖြင့် ထိုးထားသည်ကို တွေ့ရှိရကြောင်းလည်း ရဲမှူး စိုးမင်းသိန်းက ဆက်ပြောသည်။
ထိုအမှုကို လယ်ဝေးမြို့နယ် သစ်ပုတ်ပင် နယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ထားသည်ဟုလည်း ဆိုသည်။
လယ်ဝေးမြို့နယ် အတွင်း ပြီးခဲ့သည့်နှစ်ကလည်း လင်မယားချင်း သတ်ဖြတ်သည့် ပြစ်မှုဖြစ်စဉ်ရှိခဲ့သည်ဟု သိရသည်။