ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့) ပိုင်း အုပ်ချုပ်ရေးမှူး ရုံးအနီးတွင် ဧပြီ ၁ ရက်က ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲနေ့တွင် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပြီးနောက် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ယင်းနေ့တွင် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ဈေးတွင် NLD အလံငယ်အား ဆိုက်ကား၌ တပ်ထားသည်ကို တွေ့ရှိရာမှ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးမျိုးဝင်းကျော်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြီးမြင့်တို့ အကြား နှစ်ဖက် အခြေအတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းပြဿနာနှင့်ပတ်သက်၍ ဧပြီ ၄ ရက်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကော်မရှင် ဥက္ကဋ္ဌတို့ ရှေ့တွင် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပြီးနောက် ပြေလည်မှုရရှိသွားခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။
ဦးမျိုးဝင်းကျော် က “ကိုယ်ထိ လက်ရောက် ထိထားတာတွေ အတွက် အဲဒီနေ့ကတည်းက စခန်းမှာ အမှု သွားဖွင့်တယ်။ စခန်းက လက်ခံထားတယ်။ ဒါပေမယ့် အဲဒီကြားထဲမှာ တနင်္လာနေ့ ရုံးတင်တဲ့နေ့မှာ မယက ဥက္ကဋ္ဌ တို့၊ ကော်မရှင်ဥက္ကဋ္ဌတို့၊ ရဲတပ်ဖွဲ့မှူး တို့က ခေါ်ယူ ညှိနှိုင်းပြီး ဆွေးနွေးမယ်ဆိုတဲ့အတွက် သွားဆွေးနွေးတော့ တောင်းပန်မယ်ဆိုတဲ့အတွက်ကြောင့် အင်္ဂါနေ့ ၁၀ နာရီမှာ သူ (၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး) ကိုင်တိုင်လည်း တရားဝင် တောင်းပန်လို့ ပြဿနာက ပြီးသွားပြီ။ ဒါကို ကျေ နပ်လက်ခံလိုက်တယ်” ဟု ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲနေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းက ယင်းနေ့တွင် ရပ်ကွက်အတွင်းရှိ ဥပဒေမဲ့ လုပ်ရပ်များနှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို အကြောင်းကြားကာ မှတ်တမ်းတင်ခြင်း၊ ပြည်သူများက မသိလို့လုပ်သည်ဟုဆိုကာ ဥပဒေမဲ့လုပ်ရပ်များ နောက်နောင် မဖြစ်ပေါ်စေရေးအတွက် အစိုးရကို တင်ပြခြင်း၊ ကော်မရှင် ဥက္ကဋ္ဌကို တင်ပြခြင်း ဟူသည့် ရည်ရွယ်ချက်ဖြင့်သာ တင်ပြခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။
အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြီးမြင့်က “မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကော်မရှင်ဥက္ကဋ္ဌ ကလည်း ပြောတယ်။ ဘာမဟုတ်တာ လေးနဲ့ ဖြစ်တဲ့ အတွက်ကြောင့် တယောက်နဲ့တယောက် ကျေအေးလိုက်ပါပေါ့လေ။ သူ့ဘက်ကလည်း ကျနော်က ထိုးဖို့ လုပ်တာကို မကျေနပ် ဖြစ်တယ်ပေါ့။ လူကြီးတွေက ညှိပေးတယ်။ လျှော့ပေးလိုက်ပါဆိုတော့ ကျနော်လည်း ကျေအေးပေးလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းနေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထူးခြားဖြစ်စဉ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံသို့ တင်ပြခဲ့သည်အထိ ဖြစ်ပွားခဲ့သေးသည်။