နိုင်ငံတနိုင်ငံ၏ အရှိန်အဟုန်မြှင့် စီးပွားရေးတိုးတက်မှုတွင် အလုပ်အကိုင်ဖော်ဆောင်မှုသည် အဓိကဖြစ်၍ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေကောင်းများအတွက် ၄ နှစ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း ၁ သန်းခန့် ဖော်ဆောင်ပေးရန် လိုအပ်နေကြောင်း Jobnet .com.mm မှ သိရသည်။
Jobnet.com.mm မှ Mr Matt De Luca က ” ဒီလို အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးတာက အာရှကျား နိုင်ငံ တခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေး မြှင့်တင်ဖို့အတွက် ဖြစ်တယ်။ ဒါက လုပ်ဆောင်ရမယ့် အချက်ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာရင် လိုအပ်တဲ့ လုပ်ငန်းခွင် ကျွမ်းကျင်မှုနဲ့ ကိုက်ညီဖို့တော့ လိုပါတယ် ” ဟု ပြောသည်။
အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သန်းခန့် ဖော်ဆောင်ရာတွင် လူငယ်များ၏ စည်းမျဉ်း စည်းကမ်းများပါ လိုအပ်ပါက ထည့်သွင်း လုပ်ဆောင်သွားမည် ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကလည်း ပြည်တွင်းအလုပ်အကိုင်နှင့် အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် Online မှတဆင့် ဆောင်ရွက်ပေးနေရာ ၂၀၁၆ ဧပြီလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တိုင်းနှင့် ပြည်နယ်များတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်၌ အလုပ်အကိုင်ပေါင်း ၁၈၃၄၂၂ ခု ဖော်ဆောင်ပေးခဲ့ကြောင်း Jobnet.com.mm ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Jobnet.com.mm ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများရှိ အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ပြပေးနေသည့် ရန်ကုန် အခြေစိုက် အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် ဖြစ်သည်။