ဆီးရီးယားလေတပ်စခန်းကို ဒုံးပျံနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုမှာ ရုရှားတပ်တွေကို ထိခိုက်မှု မရှိ အောင် ရှောင်ကျဉ်ခဲ့တယ်လို့ အမေရိကန်ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မတိုက်ခိုက်မီမှာလည်း ရုရှားအပါအဝင် နိုင်ငံတော်တော်များများကို အသိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ ကြောင်းသိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဟားဗတ် မက် မာစတာက ဒီတိုက်ခိုက်မှုအတွင်းမှာ ရုရှားကို ထိခိုက်မှု အနည်းဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်၊ ဒါပေမယ့် တခြားအာမခံမှုတွေကိုတော့ မပေးပါဘူးလို့ ဆိုပါတယ်။
သမ္မတ အာဆတ်ဦးဆောင်တဲ့ ဆီးရီးယား အစိုးရဟာ သူပုန်တွေထိန်းချုပ်ရာ Idlib မြို့ကို တိုက်ခိုက် ရာမှာ ဓာတုလက်နက်ကို အသုံးပြုကြောင်း သိရှိရပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးအရာ ဆီးရီးယား အစိုးရကို အရေးယူ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝန်ကြီး ရက်ဇ် တဲလာဆွန်းက ရုရှားအနေနဲ့ ၂၀၁၃ ခုနှစ်ကရရှိခဲ့တဲ့ ဆီးရီးယား ဓာတုလက်နက် သဘောတူညီချက်ကို ထိန်းသိမ်းခဲ့ခြင်းမရှိကြောင်း၊ မော်စကိုအနေနဲ့ ဒီကိစ္စမှာ ပါဝင်ကျူးလွန်ခြင်းလား မတားဆီးခဲ့တာလားဆိုတာ တခုမဟုတ်တခုလို့ ယူဆရမှာဖြစ်တဲ့ အတွက် အခုလို အမေရိကန်ရဲ့ အရေးယူမှုနဲ့ ပတ်သက်ပြီး ရုရှားရဲ့ အတည်ပြုချက်ကို မရယူခဲ့ဘူးလို့ ဆိုပါတယ်။
မနေ့ညပိုင်းက မြေထဲပင်လယ်မှာရှိတဲ့ အမေရိကန် စစ်သင်္ဘော USS Ross နဲ့ USS Porterက နေ ဆီးရီးယား လေတပ်စခန်းကို တိုမာဟော့ခ် ဒုံးပျံ အစင်းရေ ၅၀ နဲ့ ၆၀ အကြားပစ်လွှတ်တိုက်ခိုက်လိုက် တာဖြစ်ပါတယ်။
ဒီလေတပ်စခန်းဟာ ရုရှားစစ်ဘက်ဆိုင်ရာလေယာဉ်တွေ လောင်စာဆီဖြည့်တင်းဖို့ အတွက် အသုံးပြု နေတာဖြစ်ပါတယ်။
သမ္မတ အာဆတ်အစိုးရတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် သူတို့အစိုးရ ပြုတ်ကျသွားမှာ မဟုတ်သလို ဖြုတ်ချနိုင်မှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။