ကရင်ပြည်နယ် ဘားအံမြို့နယ် လေးဝါးရှိ KNU ဌာနချုပ်တွင် ပြုလုပ်သည့် KNU ခေါင်းဆောင်နေရာရွေးပွဲတွင် KNU ဥက္ကဋ္ဌ နေရာအတွက် စောမူတူးဆေးဖိုးက အနိုင်ရရှိသွားပြီး ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပဒိုကွယ်ထူးဝင်းက ရွေးချယ်ခံရသည်။
စောမူတူးဆေးဖိုးသည် KNU ၏ ဥက္ကဋ္ဌ အဖြစ် နောက်ထပ် ၄ နှစ်ကြာ တာဝန်ယူမည်ဖြစ်သည်။ သူသည် မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် တက်ကြွစွာ ဆောင်ရွက်နေသူ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် ချီးမွှမ်းမှုနှင့် ဝေဖန်မှုများကိုလည်း ရရှိထားသည်။ သူ၏ ခေါင်းဆောင်မှု လက်အောက်တွင် KNU သည် ၂၀၁၂ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေးစာချုပ်ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ကို လည်းကောင်း လက်မှတ်ရေးထိုးခဲ့သည်။