နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားရဲစခန်းရှိ အချုပ်ထောင်မှ အချုပ်သားနှစ်ဦး ယနေ့နံနက် ၇ နာရီ ခန့်က ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ပျဉ်းမနားမြို့နယ် မြို့မရဲစခန်းမှသိရသည်။
ထွက်ပြေးလွတ်မြောက်သည့်အချုပ်သားများမှာ ခိုးမှုဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး၊ ၎င်းတို့ကို ပြန်လည်ဖမ်းမိ ရန် နေပြည်တော်အဝင်အထွက် ဂိတ်အားလုံးမှာ ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်နေကြောင်း ပျဉ်းမနား မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ဌေးကပြောသည်။
“တိုင်းကအဖွဲ့တွေရော ၊သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ အားလုံးကရော နေပြည်တော်အဝင် အထွက် ဂိတ်လေးဂိတ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးနေပါတယ်။ “ဟု ဧရာဝတီသို့ပြောသည်။
အချုပ်ထောင်အတွင်း သန့်ရှင်းရေးလုပ်ခိုင်းနေစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြခြင်းဖြစ်ပြီး ဆောက်လက်စ အချုပ်ခန်းတစ်ခု၏ အုတ်နံရံမှတစ်ဆင့် ခေါင်မိုးပေါ်တက်ကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ပျဉ်းမနားရဲစခန်း၏ ကြေးနန်းစာအရသိရသည်။
ထွက်ပြေးလွတ်မြောက်ပြီးပြီးချင်း အချိန်နာရီဝက်အတွင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ မှ ထပ်ကြပ်မကွာ လိုက်လံရှာနေရာ ပြည်သူတွေ အနေဖြင့် သတင်းပေးရန် လိုအပ်သည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှှူး ရဲမှူးကြီး ဇော်ခင်အောင်ကပြောသည်။
ရဲမှူးကြီး ဇော်ခင်အောင်က “ပြည်သူတွေအနေနဲ့ကတော့ သတင်းပေးဖို့ပေါ့ ဘယ်အမှုတရားခံပဲ ဖြစ်နေဖြစ်နေ သတင်းပေးဖို့ပေ့ါ၊ ကြီးသည်ဖြစ်စေ ၊ငယ်သည်ဖြစ်စေ သူတို့ထမင်းတောင်းစားမယ်၊ ဆိုင်တွေဝင်မယ်ဆိုရင် သတင်းပေးဖို့ပေါ့ “ဟုပြောသည်။
၂၀၁၄ ခုနှစ်အတွင်ကလည်း ပျဉ်းမနားစခန်းမှ အချုပ်သားတစ်ဦး ဆေးကုသမှုခံယူနေစဉ် ထွက်ပြေးလွတ် မြောက်ခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
ဧရာဝတီသတင်းထောက် ဖေသက်ထက်ခင် ပေးပို့သည်။