AFC Women’s Asian Cup Jordan 2018 အတွက် ခြေစစ်ပွဲများကို ယှဉ်ပြိုင်နေရာ အုပ်စု (ဃ)၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် စင်ကာပူလက်ရွေးစင် အမျိုးသမီး အသင်းတို့ ယနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ ယနေ့ ယှဉ်ပြိုင်ကစားရာ မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းက စင်ကာပူအမျိုးသမီးလက်ရွေးစင် အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားပါတယ်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအတွက် ပထမပိုင်း ၂၁ မိနစ်မှာ လှယဉ်ဝင်းကအဖွင့်ဂိုးသွင်းခဲ့ပြီး ဝေဝေအောင် မိနစ် ၄၀ နဲ့ ၇၉ မိနစ်မှာ ၂ဂိုး၊ ဝင်းသိင်္ဂီထွန်းက ၅၈မိနစ်နှင့် ၈၈ မိနစ်တွင် ၂ဂိုး၊ ရီရီဦးက မိနစ် ၇၀မှာ ၁ဂိုးသွင်းယူခဲ့ပါတယ်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းပါဝင်တဲ့ အုပ်စု(ဃ)မှာ အိမ်ရှင် ဗီယက်နမ်၊ အီရန်၊ ဆီးရီးယား၊ စင်ကာပူ တို့ ပါဝင်ပြီး၊ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းဟာ အီရန်ကို ၂ ဂိုး ဂိုးမရှိ၊ ဆီးရီးယားအမျိုးသမီးအသင်းကို ၁၄ဂိုး ဂိုးမရှိ အနိုင်ရထားပြီးဖြစ်ပါတယ်။
အုပ်စု (ဃ)မှာ မြန်မာအသင်းဟာ ၃ပွဲနိုင်ကာ ပေးဂိုးမရှိ၊ သွင်းဂိုး ၂၂ ဂိုး ရရှိကာ အုပ်စုပထမနေရာမှာ ရှိနေကာ အိမ်ရှင်ဗီယက်နမ်က ၂ပွဲ ကစားပြီး အုပ်စု ဒုတိယရှိနေပြီး၊ ယနေ့ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။