အမေရိကန်ရေတပ်ဟာ လေယာဉ်တင် သင်္ဘော Carl Vinson ဦးဆောင်တဲ့ တိုက်ခိုက်ရေး စစ် သင်္ဘောအုပ်စု တစုကို ပစ္စဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်ကို ယနေ့ စေလွတ် လိုက်ကြောင်း၊ ဒါဟာ ကိုရီးယား ကျွန်းဆွယ် မတည်မငြိမ်ဖြစ်စေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီး ယားလက်နက်စမ်းသပ်မှုနဲ့ ဒုံးပျံပစ်လွှတ်မှု အတွက် တန်ပြန်အင်အားပြတာဖြစ်တယ်လို့ ဆိုပါတယ်။
AFP သတင်းအဆိုအရ အမေရိကန် ပစ္စဖိတ်စစ်ဌာနချုပ်ရဲ့ အမိန့်အရ လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆင် ဦးဆောင်တဲ့ တိုက်ခိုက်ရေးအုပ်စုကို အင်အားပြသဖို့နဲ့ အဆင်သင့်ရှိဖို့ အတွက် ပစ္စဖိတ်သမုဒ္ဒရာအနောက်ပိုင်းကို စေလွှတ်လိုက်တယ်လို့ ဆိုပါတယ်။
ဒီဒေသမှာ မြောက်ကိုရီးယားဟာ မဆင်မခြင်၊ တာဝန်မဲ့ နျူကလီယားလက်နက်တွေ ဒုံးပျံစမ်းသပ်မှု တွေပြုလုပ်ကာ ခြိမ်းခြောက်နေကြောင်းလည်း ဆိုပါတယ်။
ရေတပ်အုပ်စုမှာ လေယာဉ်တင် သင်္ဘော ကားလ်ဗင်ဆင်အပြင် ဒုံးပျံတင် ဖျက်သင်္ဘောတွေ၊ ခရုဇာစစ် သင်္ဘောာတွေ ပါဝင်ပါတယ်။
အမေရိကန်ရေတပ်အုပ်စုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ စောစောပိုင်းကတည်း အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဂျပန်၊ တောင်ကိုရီးယားစတဲ့ မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှု၊ ပုံမှန်ကင်းလှည့်ခြင်းများ ပြုလုပ်နေတာ ဖြစ်ပြီးအခုအခါမှာတော့ စင်ကာပူကနေ ပစ္စဖိတ်သမုဒ္ဒရာ အနောက်ပိုင်းကို လာမှာဖြစ်ပါတယ်။
အမေရိကန်ရေတပ်က အငြိမ်းစားဗိုလ်ချုပ်ကြီး Jack Keaneကလည်း ဒီအပတ် စောစောင်းပိုင်းက မြောက်ကိုရီးယားရဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံစမ်းသပ်မှုတွေ ခြိမ်းခြောက်မှုတွေကို အမရိကန် အနေနဲ့ ရင်ဆိုင်နေရပြီး သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လက်ဦးအောင် တုံ့ပြန်လိမ့်မယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့လကလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တဲလားဆွန်းရဲ့ အာရှ ၃နိုင်ငံ ခရီးစဉ်မှာ မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူတာကို ရွေးချယ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။
အမေရိကန်ဟာပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဆီးရီးယားလေတပ်စခန်းကို တိုမာဟော့ခ် ဒုံးပျံ ၅၉စင်း ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။