နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ အတွင်း တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အာရှ၊ ဥရောပနှင့် တရုတ်နိုင်ငံတို့ကို ထိထိရောက်ရောက် ဆက်စပ်ပေးမည့် ပိုးလမ်းမ စီးပွားရေး ဆက်သွယ်မှု လမ်းကြောင်း အစီအစဉ်ဖြစ်သော ဒေသတခု၊ လမ်းကြောင်းတခုမူဝါဒ (One Belt, One Road) ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်း ထိပ်သီးဆွေးနွေးပွဲသို့ ရုရှား၊ ဗြိတိန်နှင့် အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင်များ တက်ရောက်မည်ကြောင်း www.nationmultimedia.com တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ် သြဂုတ်လက တရုတ်နိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ပြီး သမ္မတ Xi Jinping ၊ ဝန်ကြီးချုပ် Li Keqiang နှင့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Zhang Dejiang တွေ့ဆုံခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ အနေနဲ့ ဘင်္ဂလားဒေ့ရှ် တရုတ်၊ အိန္ဒိယ၊ မြန်မာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို ကြိုဆိုကြောင်းလည်း ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတော် သမ္မတဦးထင်ကျော်သည် တရုတ်နိုင်ငံသို့ ဧပြီ ၆ ရက်နေ့မှ ၁၁ ရက်နေ့ အထိ အလည်အပတ် ရောက်ရှိနေသည်။