သတင်းတို

စိန့်ပီတာစဘတ် ဗုံးကွဲမှု လူ၈ဦးကို ရုရှားအာဏာပိုင်များဖမ်းဆီးထား

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ မြေအောက်ဘူတာရုံ ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ဗဟိုအာရှဒေသမှ အကြမ်းဖက်သမား ၈ဦးကို ဖမ်းဆီးထားကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့(FSB)က ဆိုပါတယ်။

FSB အကြီးအကဲ အလက်ဇန္ဒား ဘိုနီကော့ဗ်က အကြမ်းဖက်သမား ၆ဦးကကို မော်စကိုမှာလည်း ကောင်း ၂ဦး ကို စိန့်ပီတာစဘတ်မှာလည်း ကောင်း ဖမ်းဆီးရမိတာဖြစ်ပြီး လက်နက်အများအပြားကိုလည်း ဖမ်းဆီးရမိကြောင်း နိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မီတီမှာ ပြောလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေနဲ့ ကြံရာပါတွေအတွက် ရှာဖွေဖမ်းဆီးတဲ့ အစီအစဉ်သစ် စတင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ရက်နေ့က စိန့်ပီတာစဘတ်မြို့က မြေအောက်မီးရထား ဘူတာရုံ မှာ ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၄ ဦးသေဆုံးခဲ့ရပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကာဂျစ်အမျိုးသားတဦးကိုလည်း ဖမ်းဆီးခဲ့ပြီးနောက် ယခုအခါ နောက်ဆက်တွဲ ဆက်လက်ဖမ်းဆီးခြင်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ထဲမှာ ရုရှားလုံခြုံရေးအဖွဲ့တွေဟာ အကြမ်းဖက်သမား ၁၆ဦးကို ရုရှားမြိုကြီး ၉မြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။

Loading