မူးယစ်ဆေးဝါးသုံးစွဲသူများအား ထောင်ချသည့် ပြစ်ဒဏ် ပေးခြင်းအစား ရေမြောင်းတူးခြင်း၊ လမ်းခင်းခြင်းနှင့် မိလ္လာကျင်းတူးခြင်း စသည့် လူမှုရေးပြစ်ဒဏ်များသာ ချမှတ်ရန် ဥပဒေကို ပြင်ဆင် ရေးဆွဲနေကြောင်း သိရသည်။
ယင်းဥပဒေသည် ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ် မတ်လအတွင်းက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(စီမံ)မှ ရဲမှူးကြီး တင်ဝင်းက “ ဒီဥပဒေ ပြင်ပြီးသွားရင်တော့ မူးယစ်ဆေးဝါး သုံးတဲ့သူတွေက ထောင်ထဲမှာ သွားပြီးတော့ နေစရာ မလိုဘူး။ ရပ်ကွက်ထဲမှာ အများအကျိုး ရှိစေမယ့် အလုပ်တွေကို တနေ့၂နာရီ နဲ့ နာရီပေါင်း ၁၈၀ပြည့်အောင် လုပ်ရမယ်။ သူ ကျူးလွန်တဲ့ အမှုအလိုက် နာရီတွေများသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြင်ဆင် ရေးဆွဲထားသည့် မူးယစ်ဥပဒေတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို ယခင်ပြစ်ဒဏ် ၃နှစ်မှ ၅နှစ်အစား လူမှုရေးပြစ်ဒဏ်အဖြစ် တရက်လျှင် နှစ်နာရီဖြင့် အနည်းဆုံးနာရီ ၁၈၀မှ ၂၄၀အထိ ပြောင်းလဲ ပြင်ဆင်ထားသည်ဟု ဆိုသည်။
ယင်းဥပဒေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (မူးယစ်ဗဟို)နှင့် ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာန ၁၀ခု ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ရေးဆွဲခဲ့ပြီး နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တို့မှ စိစစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။