ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် တပ်မတော်ပိုင် မြဝတီဘဏ်တို့ကို ဧပြီ ၁၁ ရက်နေ့ ည ၉ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း မူဆယ်ရဲစခန်း တာဝန်ရှိသူတဦးကပြောသည်။
၎င်းက “ဘဏ်နှစ်ခုကို RPG နဲ့ ၄၀ မမ တွေသုံးပြီး တချက်စီပစ်သွားတာလို့ သိထားရတယ်၊ အခုထိတော့ ပစ်တဲ့အဖွဲ့တွေကို စုံစမ်းစိစစ်ဆဲပါပဲ”ဟု ယနေ့ နေ့လည်ပိုင်းကဆိုသည်။
ပစ်ခတ်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရမှုများမရှိခဲ့ဘဲ အဆောက်အဦး အနည်းငယ်သာ ပျက်စီးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်မှာ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးမင်းလွင်က “ကျနော်တို့ဆီမှာတော့ နောက်ကလာပစ်သွားတော့ ရေပိုက်လေး ပဲပေါက်သွားတယ်၊ နောက်ဖက်ကဆိုတော့ လုံခြုံရေးတွေလည်း မတွေ့လိုက်ဘူးဖြစ် သွားတယ်”ဟု ပြောသည်။
မြဝတီဘဏ်မှာ မန်ဝိန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်တွင်တည်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်တို့မှာ ကောင်းမှုတုံ ရပ်ကွက်တွင်တည်ရှိကာ ဘဏ်နှစ်ခုအနေဖြင့် ၅ ဖာလုံခန့်ကွာဝေးပြီး လတ်တလောတွင် မြို့တွင်း၌ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြောင်း မူဆယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က ပြောသည်။
ဒေသခံများကလည်း အခင်ဖြစ်ပွားစဉ်အချိန်ခန့်အတွင်း မူဆယ်မြို့တွင် ပေါက်ကွဲသံ လေးချက်ကြားခဲ့ရ ကြောင်း လည်းပြောသည်။
မူဆယ်မြို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ ဦးစိုင်းဖိုးအောင်က “ပေါက်ကွဲသံက ပထမ တချက်ကြားတယ်၊ နောက်တော့ သုံးချက်ဆက်ကြားတယ်၊ ဗုံးပေါက်ကွဲသလိုအကျယ်ကြီးတော့ မဟုတ် ဘူး၊ အခုမြို့ထဲမှာ အေးဆေးပါပဲ”ဟုရှင်းပြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)တို့ လှုပ်ရှားလျှက်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ရက်စွဲဖြင့် KIA တောင်ပိုင်းတိုင်းရုံးမှ မြဝတီဘဏ်သို့ အခွန်ကျပ်သိန်း ခြောက်ထောင်ပေးဆောင်ရန် အကြောင်းစားတစောင် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံနှံ့ခဲ့ပြီး ယခုတိုက်ခိုက်မှုမှာ ၎င်းကိစ္စများနှင့်ဆက်စပ်မှုများရှိနေနိုင်ကြောင်းလည်း ဝေဖန်မှုများထွက် ပေါ်လျက်ရှိ သည်။
လက်နက်ကိုင်တပ်ဖွဲ့များ၏ အခွန်တောင်းခံမှုနဲ့ပတ်သက်ပြီး မြန်မာ့စီးပွားရေးဘဏ်အနေနဲ့တော့ အတောင်းခံရခြင်းမရှိကြောင်းနှင့် မြဝတီနှင့် ရှေ့ဆောင်ဘဏ်တို့မှာ အတောင်းခံရသည်ဟု ကြားရကြောင်း ဦးမင်းလွင်က ပြောသည်။
ယခုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး TNLA တပ်ဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်းနှင့် အခွန်ငွေကြေးတောင်းခံသည့် ကိစ္စများတွင်လည်း တပ်ဖွဲ့နာမည်ကိုအသုံးချကာ လိမ်လည်တောင်းခံမှုများလည်း ရှိနေကြောင်း TNLA တပ်ဖွဲ့မှ တာအိုက်ကျော်က ပြောသည်။
ဧရာဝတီသတင်းထောက် ထွန်းထွန်း ပေးပို့သည်။