၂၀၁၇ ခုနှစ် အတွက် ပူလစ်ဇာဆု ရရှိသူများကို ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် The Daily News of New York နှင့် ProPublica တို့က ဆင်းရဲနွမ်းပါးသော လူနည်းစုများ အပေါ် New York ရဲအဖွဲ့၏ နှိပ်စက်မှုများကို စုံစမ်းဖော်ထုတ် ရေးသား ခဲ့သည့် အတွက် public service journalism ဆု ရရှိခဲ့သည်။
Donald Trump ၏ သမ္မတရွေး ကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု အကြောင်း ရေးသားခဲ့သည့် The Washington Post က National reporting ဆုနှင့် ရုရှားနိုင်ငံ သမ္မတ Vladimir Putin ၏ နိုင်ငံရပ်ခြားတွင် ဝါဒဖြန့်ချိရေး လျှို့ဝှက် ဆောင်ရွက်မှုများ အကြောင်း ရေးသားခဲ့သည့် The New York Times က International reporting ဆုများ ရရှိ ခဲ့ကြသည်။
ယခုနှစ် အတွက် ဓာတ်ပုံ ပူလစ်ဇာဆုကို Chicago Tribune သတင်းဌာနမှ E. Jason Wambsgans က ချီကာဂို အကြမ်းဖက် တိုက်ခိုက်မှုတွင် အသက်မသေဘဲ လွတ်မြောက်လာခဲ့သည့် ကလေးငယ် တယောက်အကြောင်းကို ရိုက်ကူးထားသည့် photo essay ဖြင့် ရရှိခဲ့သည်။
အခြားဆု ရသူများထဲတွင် Panama Papers ဟု ခေါ်သည့် ကမ္ဘာတလွှားမှ အခွန်ရှောင်မှုများ အကြောင်းကို ဖော်ထုတ် ရေးသားခဲ့သည့် နိုင်ငံတကာ သတင်းထောက် ၃၀၀ ကျော်ပါဝင်သော အဖွဲ့အစည်းတခုလည်း အပါအဝင် ဖြစ်သည်။
ယခုနှစ်တွင် ဆုအမျိုးအစား ၂၁ ခုအတွက် တင်သွင်း ခံရသူ ၂၅၀၀ ကျော်ရှိခဲ့ပါသည်။
ပူလစ်ဇာဆုကို ၁၉၁၇ ခုနှစ်တွင် စတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ယခု ချီးမြှင့်ခြင်းက ၁၀၁ ကြိမ်မြောက် ဖြစ်သည်။ အမေရိကန် နိုင်ငံစာနယ်ဇင်း လောကတွင် ဂုဏ်သိက္ခာ အမြင့်ဆုံး ဖြစ်သော ပူလစ်ဇာ ဆုကို The New York Times၊ The Washington Post နှင့် The Wall Street Journal စသည့် နာမည်ကျော် သတင်းဌာနများက မကြာခန ရရှိတတ်သလို အမေရိကန် နိုင်ငံတလွှားမှ လူသိနည်းသည့် သတင်းဌာနငယ်များမှ အများ သတိမထားမိတတ်သည့် သတင်းများ လည်း ရရှိတတ်ပါသည်။ အဖွဲ့ဝင် ၁၉ ဦးပါဝင်သည့် ရွေးချယ်ရေး အဖွဲ့တွင် ယခင်ပူလစ်ဇာဆု ရရှိဖူးသူများ၊ ထင်ရှားသော သတင်း စာဆရာများနှင့် ပညာရှင်များပါဝင်ကြသည်။