ရုံးထုတ်ရာမှ ပြန်လာသည့် အချုပ်သားတဦးထံမှ ကိုယ်ခန္ဓာအတွင်းဝှက်၍ ယူဆောင်လာသည့် မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိမှု မနေ့က တောင်ငူ အကျဉ်းထောင်အချုပ်တွင် ဖြစ်ပွားခဲ့သည်။
မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အချုပ်သားမှာ တင်ထွန်းလှိုင်(ခ) ဖိုးလပြည့်ဆိုသူဖြစ်ပြီး၊ လက်ရှိတွင် လည်း မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသူဖြစ်ကာ ၎င်းက WY စိတ်ကြွရူး သွပ်ဆေးပြား ၁၀၀ ပြားကို စအိုအတွင်း ထည့်သွင်းသယ်ဆောင်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ပြောသည်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက “ဒါမျိုးဖြစ်စဉ်တွေ မိတာတွေထဲမှာ အချုပ်သားတွေ က များပါတယ်၊ ဒီလိုတွေထပ်မဖြစ်ဖို့လည်း ဖိဖိစီးစီး စစ်ဆေးလျက်ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းနှင့်အတူ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသည့် နိုင်လင်းထက်မှ သယ်ယူပေးရန် စေခိုင်းမှုကြောင့် ဆေးပြားများကို တိတ်အနက်ရောင်ဖြင့်ပတ်ကာ စအိုအတွင်းထည့်သွင်း လာခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ အကျဉ်းစခန်းအတွင်းသို့ မူးယစ်ဆေးဝါးသယ်ဆောင်သူနဲ့ ယူလာရန် စေခိုင်းသူတို့ကို မူးယစ်ဆေးဝါးမှုပင် တောင်ငူရဲစခန်းက ထပ်မံအမှုဖွင့်ထားကြောင်း ရဲစခန်းထံမှသိရသည်။
အကျဉ်းသားများ မူးယစ်ဆေးဝါး၊ ငွေကြေးစသည်တို့ကို စအိုအတွင်းထည့်သွင်းယူဆောင်မှုမှာ ယခင်က တည်းက ရှိခဲ့သည့်နည်းလမ်းတခုဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်း သားများပြားလျက်ရှိပြီး စုစုပေါင်းအကျဉ်းသားဦးရေ၏ ၅၅ ရာခိုင်နှုန်းခန့်ရှိကြောင်း အကျဉ်းဦးစီးဌာန ထံမှ သိရသည်။
ယခုအခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင် ရေးဆွဲကာ မူးယစ်ဆေးဝါးသုံးစွဲသူများအား ထောင်ချသည့် ပြစ်ဒဏ် ပေးခြင်းအစား ရေမြောင်းတူးခြင်း၊ လမ်းခင်းခြင်းနှင့် မိလ္လာကျင်းတူးခြင်း စသည့် လူမှုရေးပြစ်ဒဏ်များသာ ချမှတ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။