မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူများအား လျော့ရက် အနေဖြင့် ၂၂ ရက်ကို တန်းတူ ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနက ပြောသည်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက “အားလုံးကို စည်းမျဉ်း စည်းကမ်းနဲ့ အညီပေးတာပါ၊ လျော့ရက် ရတာနဲ့ လွတ်ရက်က ပိတ်ရက်နဲ့တိုက်လို့ လွတ်ပေးတဲ့သူတွေ ရှိသလို လျော့ရက်ရပေမယ့် မလွတ်သေးတဲ့ သူတွေလည်း ရှိပါတယ်”ဟု ပြောသည်။
လျော့ရက်ပေးခြင်းကို ပုံမှန်ပြုလုပ်နေကြ အတိုင်း ဥပဒေနဲ့ အညီ ညွန်ကြားရေးမှူးချုပ်မှ ၁၅ ရက်နှင့် ထောင်ပိုင်မှ ၇ ရက် စုစုပေါင်း ၂၂ ရက်ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။
လျော့ရက်ပေးခြင်းနှင့်ပတ်သက်၍လည်း နိုင်ငံတော်အစိုးရမှ အကျဉ်းသား/သူ ၁၈၈၃ ဦးကို အထူးလျော့ ရက်ပေးကာ လွတ်ပေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့သတင်း ထုတ်ပြန်ထားသည်။
အကျဉ်းထောင်အသီးသီးမှ စည်းကမ်းလိုက်နာသူ၊ ကောင်းမွန်စွာ နေထိုင်သူများကို ဘဝသစ်စတင်နိုင်ရေး အတွက် အကျဉ်းထောင် လက်စွဲဥပဒေ အပိုဒ် ၈၄၇၊ ၈၄၇ တို့အရ လျော့ရက်များခံစားခွင့်ပြုကာ လွတ်ပေးခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန်မတိုင်မီ ကာလတွင်လည်း ယခုကဲ့သို့ အကျဉ်းသား/သူ ၂၂၈၃ ဦးကို လွတ်ပေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးကဆိုထားသည်။