ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တဲလားဆွန်းဟာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လာဗရောဗ့်နှင့် မနေ့ကတွေ့ဆုံကာ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် ဆက်ဆံရေးတင်းမာမှု မြင့်တက်လာ ခြင်းကို ဆွေးနွေးကြသည်ဟု သိရသည်။
စတင်ဆွေးနွေးသည့် အချိန်တွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လာဗရော့ဗ် က ဆီးရီးယားတွင် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ်မလာရေးက အရေးကြီးကြောင်း၊ ပြဿနာဖြေရှင်းရေး အတွက် ပူးပေါင်း ဆောင်ရွက်လို ကြောင်း၊ အမေရိကန်နှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ရုရှား နိုင်ငံက အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ဖြစ်သည်ဟုလည်း သူက ဆိုသည်။
မကြာသေးမီက အမေရိကန်နိုင်ငံက ဆီးရီးယား အခြေစိုက် စခန်းတခုကို တိုက်ခိုက်ခဲ့ခြင်း နှင့် ပတ်သက်၍လည်း အနာဂါတ်တွင် အလားတူ ကိစ္စများ ဖြစ်မလာရေးအတွက် တားဆီးရန် အလွန်အရေးကြီးသည်ဟု ရုရှားနိုင်ငံက ယုံ ကြည် ထားသည်ဟု ဆာဂေလာဗရော့ဗ်က ဆိုသည်။
ဆီးရီးယားအပေါ် အမေရိကန်၏ တိုက်ခိုက်မှုကို ဥပဒေမဲ့ တိုက်ခိုက်မှု ဖြစ်သည် ဟု သူကပြော ကြားခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ၏ မော်စကို ခရီးစဉ်က အကြမ်းဖက်မှုဆန့်ကျင်ရေး တပ်ဦးတခု ဖန်တီးရေး အတွက် အရေးပါသော အလားအလာကောင်းတခု ဖြစ်သည်ဟု သူကဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဲလားဆွန်း က အမေရိကန် နှင့် ရုရှားကြားတွင် ပိုမို အဓိပ္ပါယ် ရှိသော ဆက်ဆံရေး တရပ်ကို ဖြစ်ထွန်းစေရန်အတွက် ပွင့်လင်း ရိုးသားစွာ အမြင်ချင်း ဖလှယ်နိုင်ရေးကို ဦးတည်ကြောင်းပြောသည်။ အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဧပြီလ ၁၂ ရက်နေ့ တွေ့ဆုံမှုသည် ၂ နိုင်ငံ လုံး အကျိုးရှိမည့် နေရာများ ရှာဖွေ နိုင်ရန် အရေးကြီးနေသည့် အချိန်တွင် ပေါ်ပေါက်လာ ခြင်း ဖြစ်သည်ဟု ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် ထုတ်ပြန်ထားသော တရားဝင်ကြေညာချက်တစောင်တွင် အမေ ရိကန် နိုင်ငံခြားရေး ဝန်ကြီး က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေလာဗရော့ နှင့် အခြား တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ “ယူကရိန်းအရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ ၂ နိုင်ငံ အပြန်အလှန်ဆက်ဆံရေး နှင့် မြောက်ကိုရီးယား နှင့် ဆီးရီးယား အပါအဝင် အခြားကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးများ၏ ဆွေးနွေးမှုများက ၂ နိုင်ငံ ဆက်ဆံရေး တွင် တည်ငြိမ်မှုနှင့် ပြေငြိမ်းမှုများ ရရှိစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ ဆီးရီးယား အပါအဝင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အမေရိကန်က ရုရှားနှင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည် စတင်ရန် ဆန္ဒ ရှိမရှိ သိ လိုကြောင်းလည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တဲလားဆွန်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့်လည်း တွေ့ဆုံဖွယ်ရာ ရှိသည်ဟု သမ္မတ ပူတင်Putin ပြောရေးဆိုခွင့် ရှိသူ ဒီမီထရော့ ပက်စကော့ ကပြောသည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး၏ ရုရှားခရီးစဉ်သည် ဆီးရီးယား စစ်တပ်က ထိန်းချုပ်ထားသည့် လေတပ်အခြေစိုက် စခန်းတခုကို အမေရိကန် က တိုမာဟေ့ာခ်ဒုံးကျည် အနည်းဆုံး ၅၉ ခုခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခြင်းမှာ ဆီးရီးယားနိုင်ငံ Idlib ခရိုင်တွင် ဓာတုလက်နက် ဖြင့် တိုက်ခိုက်ခဲ့သည်ဟု သံသယ ရှိခြင်းကြောင့် လက်တုန့်ပြန်ခြင်း ဖြစ်သည်ဟု အမေရိကန်က ဖြေရှင်းခဲ့သည်။ ဆီးရီးယား အစိုးရကိုလည်း အပြစ်တင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံမှ ပါဝင်ပတ်သက်ခဲ့သည် ဆိုခြင်း နှင့် ပတ်သက် ၍ အမေရိကန် စစ်ဌာနချုပ်က စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေး ဌာနမှ အကြီးတန်း အရာရှိ တဦးက CNNသို့ ပြောကြားခဲ့သည်။