လမ်းဘေးအစားအစာများ အတွက် ကမ္ဘာတွင် အကောင်းဆုံးနေရာ အဖြစ် ဘန်ကောက် မြို့တော်ကို မဲပေး ရွေးချယ်ခဲ့အပြီး တလအကြာတွင် ထိုလမ်းဘေးဈေးသည်များ အားလုံးကို ရှင်းလင်းဖယ်ရှားမည် ဟု မြို့တော် စီမံခန့်ခွဲသူများက ကြေညာခဲ့သည်။
လုံခြုံမှု သန့်ရှင်းမှု တိုးတက်စေရန် ယခု နှစ်ကုန်မှ စ၍ ဈေးသည်များကို လမ်းများပေါ်မှ ပိတ်ပင်မည် ဟု ဘန်ကောက် မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (Bangkok Metropolitan Administration – BMA) က ကြေညာကြောင်း နေးရှင်း သတင်းစာတွင် ဖော်ပြထားသည်။
ရှင်းလင်းပစ်မည့် အခြားသော နေရာများမှာ ကမ္ဘာကျော် လမ်းဘေး အစားအသောက်များ ရောင်းချသော တရုတ်တန်းခေါ် Yaowarat (Chinatown) နှင့် ခေါက်စန်လမ်း Khao San Road တို့လည်း ပါဝင်သည်။
“ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေး အဖွဲ့ဟာ မြို့တော်ရဲ့ ခရိုင် ၅၀ လုံးက လမ်းဘေးဈေးသည်တွေကို ဖယ်ရှားပြီး လူသွားစင်္ကြန်တွေ၊ လမ်းသွားလမ်းလာတွေကို ပြန်ပေးဖို့ ဆောင်ရွက်နေပါတယ်။ လမ်းဘေးဈေးသည်တွေက လူသွား စင်္ကြန်တွေကို သိမ်းပိုက်ထားတာ အတော်ကြာပါပြီ။ သူတို့တွေ အစားအစာနဲ့ တခြားပစ္စည်တွေ ရောင်းဖို့ နေရာလည်း စီစဉ်ထားပြီးပါပြီ” ဟု ဘန်ကောက် မြို့တော်ဝန်၏ အကြံပေးအရာရှိချုပ် ဝမ်လော့ ဆူဝမ်ဒီ (Wanlop Suwandee) က တနင်္လာနေ့တွင် ပြောသည်။
ထိုလုပ်ရပ်မှာ ဘန်ကောက်၏ လမ်းဘေးဈေးသည် မြင်ကွင်းများကို ကမ္ဘာ့အကောင်းဆုံးဟု ဒုတိယအကြိမ် မဲပေးရွေးခဲ့သည့် CNN သတင်းဌာန၏ အလေးထား အကဲဖြတ်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။