18 April 2017ဧရာဝတီ
သတင်းတို

တရုတ်က မြောက်ကိုရီးယားကို လောင်စာ ဖြတ်တောက်ရန် စဉ်းစား

Want create site? Find Free WordPress Themes and plugins.

တရုတ်အစိုးရ သတင်းဌာန တခုဖြစ်သော Huanqui ၏ အဆိုအရ မြောက်ကိုရီးယား အနေဖြင့် ဆဋ္ဌမမြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ပါက တရုတ်နိုင်ငံက ၎င်း၏ ရေနံစိမ်း တင်ပို့မှုကို ဆိုင်းငံ့ရန် စဉ်းစားနေသည်ဟု သိရသည်။

မြောက်ကိုရီးယားသည် ရေနံစိမ်း လိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်း အတွက် တရုတ်နိုင်ငံ အပေါ် မှီခိုနေရပြီး ထိုရေနံစိမ်း တင်ပို့မှု ရပ်ဆိုင်းပါက မြောက်ကိုရီးယား အာဏာရှင်စနစ်ကို အကြီးအကျယ် ထိခိုက်စေနိုင်သဖြင့် အစိုးရစနစ် ပြိုကွဲကာ ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက်လာမည် ဖြစ်၍ တရုတ်နိုင်ငံက ရှောင်ရှားရန် ကြိုးစားနေသော အချက်လည်း ဖြစ်သည်။

နျူကလီးယား စမ်းသပ်မှုကြောင့် မြောက်ကိုရီးယား ကို အရေးယူရန် ဒေါ်နယ်လ်ထရမ့် အစိုးရ၏ တိုက်တွန်းမှုကို တရုတ်က ယခုတိုင် ငြင်းဆန်နေဆဲ ဖြစ်သော်လည်း အိမ်နီးချင်း မြောက်ကိုရီးယားကို တရုတ်၏ ဖိအားပေးမှု မြင့်တက်လာပုံရသည်။ မကြာသေးမီကပင် ဘေဂျင်း-ပြုံယမ်း လေကြောင်းပျံသန်းမှုကို တရုတ်က ရပ်ဆိုင်းထားလိုက်သည်။

နျူကလီးယား စမ်းသပ်မှုများကို ကင်ဂျုံအွန် စွန့်လွှတ်စေရန် အာရှ၏ စီးပွားရေး အင်အား အကြီးမားဆုံး ဖြစ်သော တရုတ် အနေဖြင့် မြောက်ကိုရီးယားသို့ ပို့ပေးနေသည့် ရိက္ခာများ လျှော့ချခြင်း၊ တရုတ်ဘဏ်များမှ တဆင့် ဆောင်ရွက်နေရသည့် မြောက်ကိုရီးယား နိုင်ငံခြားငွေပေး ငွေယူများကို ဖြတ်တောက်ခြင်း စသည့် အခြားသော နည်းလမ်းများလည်း ရှိနေသည်။

လတ်တလောတွင် အိမ်ဖြူတော်က ကိုရီးယားကျွန်းဆွယ်သို့ ရေတပ်သင်္ဘောအုပ်စု တစု စေလွှတ်ထားပြီး ရေနံတင်ပို့မှု ပိတ်ပင်ခြင်း၊ မြောက်ကိုရီးယား၏ တခုတည်းသော လေကြောင်းလိုင်းကို ပိတ်ပင်ခြင်း၊ မြောက်ကိုရီးယားသို့ လာသော ကုန်တင်သင်္ဘောများကို ကြားဖြတ်ခြင်း စသည့် အစီအစဉ်များကို စဉ်းစားနေသည်။ ပြုံယမ်းနှင့် စီးပွားရေး ဆက်ဆံသော တရုတ်ဘဏ်များကို အရေးယူရန်လည်း စဉ်းစားနေသည် ဟုလည်း ဆိုသည်။

တရုတ်က ရေနံစိမ်းတင်ပို့မှုကို ရပ်ဆိုင်းလိုက်လျှင် မြောက်ကိုရီးယား အတွက် ဖြစ်နိုင်ခြေ အရှိဆုံး အခြေအနေကို ကိုရီးယား သတင်းဌာန တခုက ယမန်နှစ်က ဖော်ပြခဲ့သည်။ ယင်း ဖော်ပြချက်အရ အစိုးရဌာနများ၊ စစ်တပ် အပါအဝင် ကုန်ထုတ်လုပ်ငန်းများ အထိ တနိုင်ငံလုံး မလှုပ်ရှားနိုင်အောင် ချည့်နဲ့ကာ အားလုံး ရပ်တန့်သွားနိုင်သည် ဟု ဆိုသည်။

ရုရှားနှင့် အခြား အရှေ့အလယ်ပိုင်း နိုင်ငံများက မြောက်ကိုရီးယားသို့ အခါအားလျှော်စွာ ရေနံတင်ပို့ကြသော်လည်း ယင်းလမ်းကြောင်းများကို မှီခိုအားထား၍လည်း မရဟု ထို သတင်းတွင် ဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading