ရန်ကုန်တိုင်းအစိုးရသည် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုစနစ် YBS အတွက် ဘတ်စ်ကား တထောင်ကျော်ဝယ်ရန် တရုတ် ယူတောင် Yutong ကုမ္ပဏီနှင့် သဘောတူ စာချုပ်ချုပ်ဆိုသည်ဟု အစိုးရမီဒီယာက ကြေညာသည်။
ထိုကားများသည် ရှေ့လတွင် ရောက်ရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အရာရှိတဦးကို ကိုးကားဖေါ်ပြသည်။
လာမည့်နှစ်အစောပိုင်းတွင် ရန်ကုန် ဘတ်စကား စနစ်ကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကတိပြုထားသည်။
ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးနှင့် ဘတ်စ်ကားစနစ် စနစ်တကျ ပြေးဆွဲရေး အားထုတ်မှုအနေဖြင့် ရန်ကုန်ရှိ ဘတ်စ်ကားလိုင်းဟောင်း ၃၀၀ ကျော်ကို ဖျက်သိမ်းပြီး လိုင်းသစ် ၇၉ လိုင်းဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့က အစားထိုးခဲ့သည်။
လတ်တလော ရန်ကုန် လူဦးရေ ၆ သန်းအနက် ၂ သန်းခွဲကို နေ့စဉ် သယ်ယူပို့ဆောင်နေသော ဘတ်စ်ကားလိုင်း ၇၉ လိုင်းတွင်ပြေးဆွဲနေသော ဘတ်စ်ကား ၃၅၀၀ ရှိသည်ဟု သိရသည်။