မာရသာမုန်တိုင်းကြောင့် မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စု၊ မုေဋ္ဌာကျေးရွာအုပ်စုနှင့် တွင်းဗြည်းကျေးရွာအုပ်စုများရှိ သီနှံစိုက်ခင်းဧက ၁၀၀ ကျော် ရေနစ်မြုပ်ပျက်ဆီးခဲ့ရပြီး အများဆုံး ပျက်ဆီးဆုံးရှုံးခဲ့သော ကြက်သွန်စိုက်ခင်းများအား သီးနှံလျော်ကြေးပေးနိုင်ရန် တင်ပြပေးထားကြောင်း ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ သိရသည်။
ဧပြီလ ၁၆ ရက်နေ့အတွင် မာရသာမုန်တိုင်းကြောင့် ပြည်မြို့နယ်အတွင် မိုးပြင်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန်လက်မ ၅.၄၇ လက်မရှိပြီး မှော်ဇာအုပ်စု၊ မုေဋ္ဌအုပ်စုနှင့် တွင်းဗြည်းအုပ်စုများရှိ ကြက်သွန်စိုက်ခင်း ၄၆.၂၅ ဧက၊ နံနံပင်စိုက်ခင်း ၃၁ ဧကနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ခင်း ၃၂ ဧက တို့ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။
ပျက်ဆီးဆုံးရှုံးခဲ့သည့်စိုက်ခင်များထဲမှ ကြက်သွန်စိုက်ခင်း ၄၆.၂၅ အား သီးနှံလျော်ကြေး၊ ထောက်ပံ့ကြေး နစ်နာကြေးများ ပေးအပ်မည်ဆိုပါက ပေးအပ်နိုင်ရန် ပျက်ဆီးဆုံးရှုံးမှု စာရင်းများအား စိုက်ပျိုးရေးဦးစီးဋ္ဌာန တိုင်းညွှန်ကြားရေးမှူးမှတဆင့် တိုင်းဒေသကြီးအစိုးရအား တင်ပြနိုင်ရန် ထူခြားဖြစ်စဉ်အနေဖြင့် တင်ပြပေးထားကြောင်း ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ဆန်းဝင်း ကပြောသည်။
“ကျနော်တို့ဋ္ဌာနကတော့ ထူးခြားဖြစ်စဉ်ကို တင်ပြပေးထားပါတယ်။ အထက်က တိုင်းအစိုးရရဲ့ မှတ်ချက်သဘောထား ကဘယ်လို့ လာမလဲမပြောတတ်ဘူး။ တောင်သူတွေကို သီးနှံလျော်ကြေးဖြစ်ဖြစ် နောက်ဆုံးအနေနဲ့ သီးနှံလျော်ကြေး မရခဲ့ရင်တောင် ထောက်ပံ့ကြေးတို့ နစ်နာကြေးတို့ ပေးမယ်ဆိုပေးလို့ရအောင်ပေါ့ သဘာဝပေးကြောင့် ဒီလိုတွေ ပျက်ဆီးသွားပါတယ် ဆုံးရှုံးသွားပါတယ် ဆိုတဲ့အကြောင်းကို စာနဲ့တကွရေးပြီး ကျနော်တို့ တင်သွင်းထားပါတယ်” ဟု ဦးအောင်ဆန်းဝင်းက ဆက်ပြောသည်။
သီးနှံပျက်ဆီးဆုံးရှုံးသည့် တောင်သူများအနေနှင့် အစိုးရထံမှ သီးနှံလျော်ကြေး၊ နစ်နာကြေးနှင့် ထောက်ပံ့ကြေးများ မရရှိခဲ့ ပါက လာမည့် မေလအတွင်း တောင်သူများအနေနှင့် ပေးဆပ်ရမည့် မြစိမ်းရောင်သမချေးငွေနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အချိန်တိုးပေးရန် လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြပေးထားကြောင်း သိရသည်။
မုေဋ္ဌာကျေးရွာတင် တောင်သူ ၁၈၀ ဦးရှိပြီး တောင်သူတဦးလျှင် အနည်းဆုံး တဧကစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး တောင်သူ အများစု သီးနှံစိုက်ခင်များပျက်ဆီးခဲ့ရပြီး အစိုးရထံမှ ချေးငွေများအား အချိန်မှီပြန်လည်ပေးဆပ်နိုင်ရန် အခက်အခဲများရှိကြောင်း ဧရာဝတီကိုပြောသည်။
“ကျနော်တို့ရွာမှာတင် တောင်သူ ၁၈၀ ရှိတယ်။ မိုးစပါးပြီးတာနဲ့ ကြက်သွန်၊ ကြက်ဟင်းခါး၊ ဘူး၊ သခွား၊ ခဝဲတွေ တယောက်ကို အနည်းဆုံး တဧကတော့စိုက်ကြတယ်။ အနည်းစုလောက်ကပဲ အခါမတိုင်ခင်(သင်္ကြန်) ရိတ်ကြတာ။ ကျန်တဲ့တောင်သူတွေက အခါပြီးမှ ရိတ်မယ်ဆိုတဲ့လူတွေက မမျှော်လင့်ပဲ ဒီလိုဖြစ်သွားတာပါ။ သီးနှံတွေဆုံးရှုံးတာရော ပြန်ရတာတွေကလည်း ဈေးကွက်မှာ ဈေးနှိမ့်ခံရတော့မှာဆိုတော့ မြစိမ်းရောင် သမ ချေးငွေ ပြန်ဆပ်ဖို့ အချိန်မမှီမှာပဲ စိုးရိမ်တယ်။” ဟု ဦးဇော်မင်းက ဆက်ပြောသည်။
စိုက်ခင်များပျက်ဆီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှာ ပြည်မြို့နယ် သီရိခေတ္တရာရှေးဟောင်းဇုန်းအတွင်းမှ မှော်ဇာအုပ်စုရှိ တောင်သူ ၇၂ ဦး၊ မုေဋ္ဌာအုပ်စုတွင် တောင်သူ ၂၉ ဦးနှင့် တွင်းဗြည်းအုပ်စုတွင် တောင်သူ ၂၀ ဦး စုစုပေါင်း တောင်သူ ၁၂၁ ဦး၏ သီးနှံစိုက်ခင်း ၁၀၉.၂၅ ဧကပျက်ဆီးဆုံးရှုံးကာ ကြက်သွန်စိုက်ခင်းများမှာ အများဆုံးရှုံးခဲ့ရပြီး တဧကလျှင် ပိဿာချိန် ၄၀၀၀ နှုန်းပျမ်းမျှထက်ရှိ၍ တပိဿာ ၈၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၅၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။