အမျိုးသားများ၏ သုတ်ပိုးများ တရားမဝင်မှောင်ခိုသယ်ဆောင်ပေးသူတဦးကို ထိုင်း- လာအိုနယ်စပ် နောင်ခိုင်တံတားဂိတ်တွင် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ဘန်ကောက်မြို့ ဖရာ့ထိုင်းဒေသမှာ နေတဲ့ အသက် ၂၅နှစ်အရွယ်ရှိ Nithinon Srithaniyanan ဆိုသူ ဟာ နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြင့် အေးခဲထားသည့် ဗူး ၆ဗူးဖြင့် ထည့်ထားသည့် အမျိုးသားသုတ်ပိုး များကို ခရီးဆောင် အိတ်အတွင်းသယ်ဆောင်ကာ လာအိုဘက်ကမ်းသို့ ကူးစဉ် အကောက်ခွန်ဂိတ်မှ စစ်ဆေး ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
နောင်ခိုင်နယ်စပ်ဂိတ်မှ အကောက်ခွန်ဌာနအကြီးအကဲ Namit Saeng ampai ၏ အဆိုအရ Nithinon Srithaniyanan ဟာ ခရီးဆောင်အိတ်တလုံးနဲ့ ထိုင်း-လာအို နယ်စပ်ဂိတ်ကို ဖြတ် ကာ မကြာခဏ ကူးသန်းနေသည်ကို မသင်္ကာ၍ စောင့်ကြည့်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ကြာသာပတေးနေ့က သူဟာ လာအိုကို အသွား ချစ်ကြည်ရေးတံတား အကောက်ခွန်ဂိတ်မှာ စစ်ဆေးမှုခံစဉ် အိတ် အတွင်းမှ သုတ်ပိုးများ ထည့်ထားသည့် နိုက်ထရိုဂျင်ဗူးများကို တွေ့ရခြင်းဖြစ်ကြောင်း ဆိုပါတယ်။
အဖမ်းခံရသူ Nithinon Srithaniyananကလည်း ထိုသုတ်ပိုးဗူးတွေကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းရှိ ဆေးခန်းတခန်းအတွက် သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ သုတ်ပိုးတွေဟာ တရုတ်နိုင်ငံ သားတဦးနဲ့ ဗီယက်နမ်နိုင်ငံသားတဦးထံမှ ဖြစ်ကြောင်း၊ သူ့ကို Yu လို့ခေါ်တဲ့ ထိုင်း- ဂျပန်လူမျိုး တဦးက စေခိုင်းတာဖြစ်ပြီး ဘန်ကောက်ရှိ ဆေးခန်း ၄ခုကနေ သုတ်ပိုး၊ မျိုးဥနဲ့ သန္ဓေသားတွေကို လာအိုနိုင်ငံ ဗီယန်ကျင်းကို သယ်ဆောင်ပေးခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။
သူဟာ လာအိုနိုင်ငံကို သယ်ဆောင်ပေးတာ ၁၂ခေါက်ရှိပြီဖြစ်ပြီး တခေါက်လျှင် ဘတ် ၅ထောင်ရ တယ်လို့ ထိုင်းအကောက်ခွန်ကို ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ သုတ်ပိုး၊ မျိုးဥနဲ့ သန္ဓေသား စတာတွေ ရောင်းဝယ်ဖောက်ကားခြင်း တင်ပို့ခြင်း၊ တင်သွင်းခြင်းကို တားမြစ်တားပြီး ချိုးဖောက်ပါက ထောက်ဒဏ် ၃နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၆ သောင်းအထက် ချမှတ်မယ်လို့ ပြဌာန်းထားပါတယ်။
အလားတူ သူဟာ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ကိုလည်း အရမ်ညာပရာသက် နယ်ခြားဂိတ် မှနေ ၂၀၁၆ ခုနှစ်အတွင်းမှာ ၁၃ ခေါက် ပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။