မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး မင်းအောင်လှိုင်ဟာ ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဗော်လ်ကာ ဝိုက်ကာရဲ့ ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံကိုု မနေ့က ထွက်ခွာသွားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားပြီး သြစထြီးယားနိုင်ငံသို့လည်း သွားရောက်ကာ သြစထြီးယား စစ်ဦးစီးချုပ်နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်းသိရပါတယ်။
ယခုခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဒုတိယအကြိမ် အနောက်ဥရောပ ခရီးစဉ်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ ကာကွယ်ရေး ဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee-EUMC Meeting) တက်ရောက်ဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ဂျာမနီဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အစိုးရလက်ထက်မှာ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ဂျာမန်ကုမ္ပဏီတခုဖြစ်တဲ့ ဖရဇ်ဝါနာနဲ့ နာမည်ကျော် G -3၊ G-4 အော်တိုမက်တစ် ရိုင်ဖယ်တွေကို မြန်မာပြည်မှာ ပူးတွဲထုတ်လုပ်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကို ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက်မှာ စစ်တပ်ချင်းဆက်ဆံရေး ဆက်ဆံရေးပြတ်တောက်ခဲ့ပါတယ်။