ကိုရီးယား ကျွန်းဆွယ်ရေပြင်ကို ဦးတည်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson ဟာ ဂျပန်ရေတပ် ဖျက်သင်္ဘောများနှင့် ဖိလစ်ပိုင်ပင်လယ်မှာ ယနေ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပါ တယ်။
USS Carl Vinson နဲ့အတူ အမေရိကန် စစ်သင်္ဘော ၂စီး၊ ဂျပန် ဖျက်သင်္ဘော ၂စီး ပူးပေါင်းပါဝင်ပြီး၊ သူတို့ဟာ ကိုရီးယား ရေပြင်ဆီကို ဆက်လက်ထွက်ခွာလာနေကြောင်းလည်း ဆိုပါတယ်။
ဂျပန်စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က တောင်ပိုင်းဆိပ်ကမ်း ဆာဆီဘိုကနေ အမေရိကန် စစ်သင်္ဘောအုပ်စုနဲ့ ပူးပေါင်းဖို့ ထွက်ခွာလာတာ ဖြစ်ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော အုပ်စုနဲ့ ဂျပန်တို့ စစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်ပြုလုပ်ခြင်း ဖြစ်ပြီး၊ ပင်လယ်ရေကြောင်း ကာကွယ်ရေးစွမ်းရည်နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ပုံဖော်တာလို့ ဆိုပါတယ်။
USS Carl Vinson ဦးဆောင်တဲ့ ရေတပ်အုပ်စုဟာ သြစတြေးလျနိုင်ငံကို စစ်ရေးလေ့ကျင့်ဖို့ သွားရောက်ရန် ရည်ရွယ်ပေမယ့်၊ အင်အားပြဖို့ ကိုရီးယား ကျွန်းဆွယ်ရေပြင်ကို စေလွှတ်ခြင်းခံရတာဖြစ် ပါတယ်။