နေပြည်တော်မှ ဥပဒေအရာရှိတဦးနှင့် ရဲအရာရှိတဦးတို့လာဘ်စားကြောင်း ပေါ်ပေါက်သဖြင့် နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဇမ္ဗူသီရိအမှတ်(၁)မြို့မရဲစခန်းတွင် အမှုဖွင့်ထား ကြောင်းသိရသည်။
အမှုဖွင့်ထားခံရသည့်သူ နှစ်ဦးမှာ ဇမ္ဗူသီရိမြို့နယ် ဥပဒေရုံးမှ ဥပဒေအရာရှိ တဦးနှင့် ဇမ္ဗူသီရိ အမှတ်(၁) မြို့နယ် ရဲစခန်းမှ အမှုစစ် ဒုရဲအုပ်တဦးတို့ဖြစ်ပြီး၊ အမှုသည်ထံမှ ဥပဒေအရာရှိက ငွကျပ် သိန်း ၂၀၊ အမှုစစ် ရဲအရာရှိက ငွေကျပ် ၇သိန်းခန့် တောင်းယူခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ အမှုစစ် ရဲအရာရှိကိုမူ ၂၀၁၃ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇ဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၁၇က်နေ့က ဖမ်းဆီးထားပြီး၊ ဥပဒေအရာရှိ ကိုမူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ဖြင့် အမှုဖွင့်ထားသော်လည်း ဖမ်းဆီး ရမိခြင်း မရှိသေးကြောင်းသိရသည်။
ဇမ္ဗူသီရိ အမှတ်(၁)မြို့မရဲစခန်းမှူး ဒု ရဲမှူး မြင့်ဌေးက “သူရဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံး စားပြုပြီး တော့မှ အဂတိလိုက်စားတယ်ဆိုတဲ့ အမှုနဲ့ ဇမ္ဗူသီရိမြို့မရဲစခန်းကို လာတိုင်တယ်၊ တရားခံကတော့ ခရီးထွက် နေ တယ်လို့သိထားပါတယ်။ ဖမ်းဆီးရေးကိစ္စတွေကိုလည်းသူတို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆက်လုပ်ပါမယ်” ဟုပြောသည်။
နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က ယင်းအမှုမှာမပြီးပြတ်ခြင်း သေးသည့်အတွက် တစုံတရာ ပြောဆိုလိုခြင်းမရှိသလို အမှုပြီးပြတ်မှသာ အားလုံး အတည်ပြုထုတ်ပြန် ပေးသွားမည်ဟု ဧရာဝတီသို့ပြောသည်။
နေပြည်တော်တွင် ယခုနှစ်အစပိုင်းကလည်း သစ်တောဝန်ထမ်းတချို့လည်း အဂတိလိုက်စားမှုဖြင့် အရေး ယူခံရခြင်း ရှိခဲ့သည်။
ဧရာဝတီသတင်းထောက် ဖေသက်ထက်ခင် ပေးပို့သည်။