ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို မေလ ၂၄ ရက်နေ့ ကျင်းပရန် နေပြည်တော်တွင် ပြုလုပ်နေသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို အစိုးရက တာဝန်ယူ ကျင်းပပေးမည် ဖြစ်ကြောင်း၊ ဖွင့်ပွဲ အခမ်းအနားသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း ဖိတ်ကြားမည် ဖြစ်ပြီး ယခုတကြိမ်တွင် နိုင်ငံရေး ဆုံးဖြတ်ချက်များ ရရှိအောင် ဆွေးနွေးသွားမည်ဟု ဧပြီလ ၂၄ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးသို့ တက်ရောက်နေသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းမီဒီယာများထံ ပြောသည်။
ယနေ့ ပြုလုပ်နေသော JICM အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်၊ ကရင် အမျိုးအသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးတို့က အဖွင့် အမှာ စကားများ ပြောဆိုကြသည်။
ယနေ့ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်းအဝေး ရက် သတ်မှတ်ခြင်း အပါအဝင် ညီလာခံတွင် ဖက်ဒရယ် အခြေခံမူ သဘောတူညီချက်များကို ကြေညာချက်တစောင် အဖြစ် ထုတ်ပြန်နိုင်ရေး၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပရသေးသည့် အဖွဲ့များ ကိစ္စနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရေး ကိစ္စတို့ကို ဆွေးနွေးကြမည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်သည်ကို တွေ့ရသည်။