ထိုင်းနိုင်ငံ၌ တည်ဆောက်မည့် တရုတ်လက်နက်စက်ရုံအစီအစဉ်ကို လာမည်ဇူလိုင်လအတွင်း အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်မည်ဟု မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ပရာဝစ်ဟောင်ဆူဝမ် ပြောဆိုချက်ကို ကိုးကား၍ Bangkok Post သတင်းက ဆိုပါတယ်။
တရုတ် လက်နက်ထုတ်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး စက်ရုံတည်ဆောက်မည့် အစီအစဉ် ရည် ရွယ်ချက်ကတော့ ထိုင်းနိုင်ငံက ဝယ်ယူထားတဲ့ တရုတ်လက်နက်များကို ထိန်းသိမ်းပြုပြင်ရန် နှင့် သံချပ်ကာကားများအတွက် အပိုပစ္စည်းများ ထုတ်လုပ်ရန်ဖြစ်ပါတယ်။
ထို့အတွက် ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးဝန်ကြီး တရုတ်ပြည်မှ ပြန်လာပြီးနောက် အများပြည်သူသို့ ချပြထားပြီး ဖြစ်ကြောင်း၊ ၎င်းစက်ရုံဟာ အမြောက်များ၊ တင့်ကားများ လက်နက်ကြီးများ တပ်ဆင် ထုတ်လုပ်မှု နည်းစနစ်ပိုင်းဆိုင်ရာအတွက် အရေးပါကြောင်း သိရပါတယ်။
ထို့အတွက် လာမည့်ဇူလိုင်လတွင် အပြီးသတ်ဆုံးဖြတ်ချက်ပေးရန် မနေ့ကပြုလုပ်တဲ့ ကာကွယ်ရေး ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်းနဲ့ တရုတ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာတာကတော့ ၂၀၁၄ခုနှစ် ဝန်ကြီး ချုပ် ယင့်လပ်ထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်က ဝေဖန်ခဲ့တာကြောင့် တရုတ်နဲ့ ပိုမိုနားလည်မှုရကာ အနီးကပ်ဆက်ဆံလာခြင်းဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ တရုတ်လုပ် တင့်ကားများ၊ ရေငုပ်သင်္ဘေများ ဝယ်ယူမှုများကို ပြုလုပ်ခဲ့ပါတယ်၊ ယခုတည်ဆောက်ဖို့ အဆိုပြုထားတဲ့ စက်ရုံဟာလည်း နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်းက ထောက်ခံထားတာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးနဲ့ စစ်လေယာဉ်များ ထိန်းသိမ်းပြုပြင်ရေးအတွက် လုပ်ကိုင်ဖို့ အလိုရှိပါတယ်။
စက်ရုံတည်ဆောက်ရေးအတွက် နေရာတွေကတော့ နခွန်ရာချစီမာနဲ့ ချွန်ဘူရီ ဒါမှဟုတ် နခွန်ဆဝမ်မှာ ဖြစ်ဖို့ များတယ်လို့သိရပါတယ်။